“နာဂစ်လို မုန်တိုင်းမျိုး မလာဘူးလို့ ရာနှုန်းပြည့် ပြောလို့ မရဘူး”- ဒေါက်တာထွန်းလွင်

“နာဂစ်လို မုန်တိုင်းမျိုး မလာဘူးလို့ ရာနှုန်းပြည့် ပြောလို့ မရဘူး”- ဒေါက်တာထွန်းလွင်
(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(မတ်လ ၃၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်သူများအနေဖြင့် လာမည့်မေလအတွင်း မုန်တိုင်းအန္တရာယ်ကို ဂရုစိုက်ကြရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အသိပေးလိုက်သည်။

“ဘာ့ကြောင့်လည်းဆိုတော့ မြန်မာ့ကမ်းရိုးတန်း ရေပြင်အပူချိန်တွေက မြင့်နေတယ်။ အပူချိန် မြင့်တယ်ဆိုတာ မုန်တိုင်းဖြစ်တာ အားပေးတယ်လေ။ အဲ့ဒါကြောင့် မုန်တိုင်းက မေလတစ်လကိုတော့ ဂရုစိုက်ပါ” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် ၂၀၀၈ခုနှစ်၊ မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သည့် ဖျက်အားကမ္ဘာ့အဆင့်ရှစ် ရှိသော နာဂစ်ကဲ့သို့ ဆိုင်ကလုန်မုန်တိုင်းမျိုး ဖြစ်မလာနိုင်ဟု ရာနှုန်းပြည့် ပြောမရကြောင်းလည်း ဒေါက်တာထွန်းလွင်က သတိပေးသည်။

“မုန်တိုင်းနဲ့ပတ်သက်ရင် အစဉ်အလာကတော့ ရခိုင်ပေါ့။ ရခိုင်က အများဆုံးပဲလေ။ ဒါပေမယ့် ရာသီဥတုဖောက်ပြန်မှုကရှိတဲ့အတွက် နာဂစ်လိုမုန်တိုင်းမျိုး မလာဘူးလို့ ရာနှုန်းပြည့်ပြောလို့မရဘူး” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံးတွင် မတ်လ ၃၀ရက်က ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(၁/၂၀၁၇) အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါက်တာထွန်းလွင်က မီဒီယာများ၏ ဖြေကြားမှုကို ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မုန်တိုင်းက မြန်မာပြည်မှာ နှစ်တိုင်း ဒုက္ခပေးနေတယ်။ မုန်တိုင်းအန္တရာယ်နဲ့ ကြံုတွေ့တာ ၁၁နှစ်ရှိပြီ။ တချို့နှစ်မှာ တဲ့ထိတယ်။ တစ်ချို့နှစ်မှာတော့ အားပျော့သွားတယ်ပေါ့။ ဒီနှစ်အနေနဲ့တော့ မေလမှာ မုန်တိုင်းအန္တရာယ် ဂရုစိုက်စေချင်တယ်” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

မုန်တိုင်းအန္တရာယ်အပြင် မိုးတွင်းကာလတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီးမှုအန္တရာယ်ကို သတိထားကြရန်လည်း ဒေါက်တာထွန်းလွင်က ပြောဆိုသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly