မြန်မာ့ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) အမေ့ခံလူသားတစ်ဦး

မြန်မာ့ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) အမေ့ခံလူသားတစ်ဦး

မြန်မာ့တပ်မတော်မှာ ပထမဆုံး တပ်တော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်စမစ်ဒွန်း ကွယ်လွန်တာဟာ အခုဆို ၃၈ နှစ် ရှိပါပြီ။ သူသာ အခုချိန်ထိ အသက်ရှိ နေမယ်ဆိုရင် အသက် ၁၁၁ နှစ်ရှိမှာလည်းဖြစ်ပါတယ်။

၁၉၀၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ ဗိုလ်ချုပ် စမစ်ဒွန်းကို ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ ကျံုပျော်မြို့နယ်၊ အင်းရဲကျွန်းရွာ မွေးဖွားခဲ့တာဖြစ်တယ်လို့ မြေးဖြစ်သူက ဆိုပါတယ်။  ဒါပေမယ့် အမှား နည်းနည်းဖြစ်ခဲ့တာကြောင့် ကလောမြို့နယ်၊ ခရစ်ယာန်သချိုင်းမှာရှိတဲ့ သူ့ရဲ့အုတ်ဂူမှာတော့ နိုဝင်ဘာ ၈ ရက်နေ့လို့ပဲ တွေ့နိုင်မှာပါ။

အခုဆိုရင် ဗိုလ်ချုပ် စမစ်ဒွန်းရဲ့ အုတ်ဂူနာမည်တွေ၊ မှတ်တမ်းတွေပျက်ပြီး ဆေးပြယ်နေတာကြောင့် သူ့မိသားစုဝင်တွေက လွန်ခဲ့တဲ့ရက်ပိုင်းက ပြုပြင်ခဲ့ရပါသေးတယ်။

အုတ်ဂူကတော့ မတ်လ ၂၃ ရက်နေ့က စပြင်တာဖြစ်ပြီး ၂၉ ရက်နေ့ မနေ့က ပြုပြင်မှု ပြီးစီးခဲ့ပါတယ်။ ပြုပြင်ပြီး မနက်ဖြန်မှာတော့ အောင့်မေ့သတိရပွဲလုပ်ဖို့လည်း ရှိပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းကို “ဗိုလ်မှူးကြီး လေးပေ”လို့လည်း လူသိများပါတယ်။

ဗိုလ်ချုပ်စမစ်ဒွန်း (ခေါ်) ဗိုလ်မှူးကြီးလေးပေ ဟာ အိန္ဒိယနိုင်ငံ၊ ဒယ်ရဒွန်း စစ်တက္ကသိုလ်ရဲ့ ပထမဆုံးအပတ်စဉ် ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး အတော်ဆုံးကျောင်းသားလို့ အသိအမှတ်ပြု ခံရသူဖြစ်ခဲ့၍ ပထမဆုံး ဂုဏ်ထူးဆောင် ဓါးဆုကို ရရှိခဲ့ပါတယ်။

သူဟာ သမ္မတစပ်ရွှေသိုက် လက်ထက် ၁၉၄၇-၄၈ ခုနှစ် ကာလမှာ လွတ်လပ်ရေးရပြီးကာစ တပ်မတော်ကို ဦးဆောင်ဖို့ ကရင် (ခရစ်ယာန်) တစ်ဦးဖြစ်တဲ့  ဗိုလ်ချုပ်စမစ်ဒွန်းဟာ စစ်ဦးစီးချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ရပါတယ်။

ဒါဟာ လွတ်လပ်ရေးရပြီးကာစ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ဖော်ဆောင်ပြနေတဲ့ ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၄၉ ခုနှစ် ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင်တိုက်ခိုက်မှုတွေဖြစ် လာတဲ့အခါမှာတော့ ဗိုလ်ချုပ်စမစ်ဒွန်း တဖြစ်လဲ ဗိုလ်မှူးကြီး လေးပေဟာ တာဝန်က အနားယူခဲ့ရပါတယ်။

သူရာထူးကနေ ၃နှစ်ခန့်တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ရာထူးလက်ခံရယူခဲ့သူဟာ ဗိုလ်ချုပ်နေဝင်းပဲ ဖြစ်ပါတယ်။

အနားယူပြီး နောက်ပိုင်းမှာတော့ သူဟာ ရှမ်းပြည်နယ်ကလောမြို့မှာ ဥယျာဉ်စိုက်ပျိုးပြီး စာရေး၊ စာဖတ်တဲ့အလုပ်နဲ့ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရင်း ၁၉၇၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

သူမသေခင် တစ်နှစ်အလိုမှာ ရေးခဲ့တဲ့ ဗို်လ်မှူးကြီးလေးပေ၏ အမှတ်တရများလို့ အဓိပ္ပါယ်ရတဲ့ “Memoirs of the Four-foot Colonel” ဆိုတဲ့ သူ့အတ္ထုပတိစာအုပ်ကို ကွယ်လွန်ပြီးတစ်နှစ်အကြာ Southeast Asia program, Cornell University က အင်္ဂလိပ်လို ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဦးတင်ဦး(ကျူရှင်) က မြန်မာဘာသာပြန်ခဲ့ပါသေးတယ်။  ဒါပေမယ့် လူသိများတဲ့ စာအုပ်တစ်ခုတော့မဖြစ်ခဲ့ပါဘူး။

သမိုင်းကို အထောက်အကူပြုနိုင်တဲ့ အဲ့ဒီစာအုပ်ကိုပဲ လာမယ့် မေလအတွင်းမှာ မြန်မာဘာသာနဲ့ ထပ်ပြီး ထုတ်ဝေနိုင်ဖိ့ု လုပ်နေတယ်လို့ သိရပါသေးတယ်။

နိုင်ငံရဲ့ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာတစ်ပြည်လုံး ချစ်ခင်လေးစားကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်နဲ့အတူ တိုက်ပွဲဝင်ခဲ့ပြီး မြန်မာ့ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သူ့ကိုတော့ သိရှိတဲ့သူ သိပ်များများစားစား မရှိကြတော့ပါဘူး။

အဘိုးဖြစ်သူနဲပ ပတ်သက်ပြီး မြေးဖြစ်သူ ဦးစစိုးမှန်က  အခုလိုပဲ ပြောလိုက်ပါတော့တယ်။

“ သိတဲ့သူနည်းတာပေါ့နော် ။ ဗိုလ်ချုပ်အောင်ဆန်းတာင် နှစ်တော်တော်များများ ပျောက်သွားသေးတယ် သိလား။ ကျွန်တော်တို့အဘိုးကြတော့လည်း ကရင်လူမျိုးလည်းဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော် ။ အမေ့ခံဖြစ်သွားတာပေါ့ ” ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly