မန္တလေးသင်္ကြန်သံချပ်အဖွဲ့များ၏ စာသားများ ဧပြီ ၁ ရက် နောက်ဆုံး ပေးပို့ရမည်

မန္တလေးသင်္ကြန်သံချပ်အဖွဲ့များ၏ စာသားများ ဧပြီ ၁ ရက် နောက်ဆုံး ပေးပို့ရမည်

မန္တလေး၊ မတ်လ ၃၀ ။            ။ မန္တလေးတိုင်းဒေသကြီး မဟာသင်္ကြန်တွင် ဖျော်ဖြေမည် သံချပ်အဖွဲ့များအနေဖြင့် စိစစ်ရေးကော်မတီသို့ ဧပြီ ၁ ရက် နောက်ဆုံးထား၍ စာသားများ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

သံချပ်စာသားများပေးပို့ခိုင်းခြင်းမှာ ကန့်သတ်ချက် ၄ ချက်သာ ထားရှိကြောင်း သင်္ကြန်သံချပ်အဖွဲ့များ စိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဂီတစာဆို ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တားက ပြောသည်။

'' တာဝန်ရှိ လူကြီးတွေက သံချပ်ဆိုတာ ပြည်သူအသံဖြစ်တယ်၊ လုပ်ပေးသင့်တယ်ဆိုပြီး ပြိုင်ပွဲလုပ်ပေးတာပါ၊ သံချပ်က ပြည်သူအသံဖြစ်တဲ့အတွက် ကြိုဆိုပါတယ်၊ မှန်ရာကို လက်ခံရမှာပေါ့၊ ကန့်သတ်ချက် အများကြီးမရှိပါဘူး၊ အချက် ၄ ချက်ပဲ ကန့်သတ်ထားတာပါ၊ အခုက ဒီမိုကရေစီခေတ်ပဲ ၊ အပြုသဘောနဲ့ အကုန်တင်ပြလို့ ရပါတယ် '' ဟု သင်္ကြန်သံချပ်အဖွဲ့များ စိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဂီတစာဆို ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တားက ပြောသည်။

သံချပ်အဖွဲ့များသည် ဒို့တာဝန်အရေး(၃)ပါးကို ထိပါးပုတ်ခတ်မှု မရှိစေရန်၊ ဘာသာရေး၊ လူမျိုးရေး ထိခိုက်စေမည့် အသုံးအနှုန်းများ မပါ၀င်စေရေး၊ နိုင်ငံတော်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမည့် စာသားများ မပါရှိစေရေး နှင့် ညစ်ညမ်းရိုင်းစိုင်း ဆဲဆိုသော ဟန်အမှုအရာများ မပြုလုပ်စေရေး စသည့် အချက်၄ ချက်ကို မပြုလုပ်ရန်သင်္ကြန်သံချပ်အဖွဲ့များ စိစစ်ရေးလုပ်ငန်းကော်မတီက အသိပေးထားသည်။

ယခင်နှစ်က သံချပ်အသင်း ၄ သင်း ပါ၀င်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် တမာရိပ် အမျိုးသမီးသံချပ်အဖွဲ့ အပါအဝင် သံချပ်အသင်း ၉ သင်း ပါ၀င်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်းသိရသည်။

'' ခေတ်စနစ်ကို ထင်ဟပ်တဲ့ အပြုသဘောဆောင်တဲ့ စာသားတွေနဲ့ မန္တလေးသင်္ကြန် ယဉ်ကျေးမှု အစဉ်အလာကို ဆက်လက်ထိန်းသိမ်းပြီး ဖွဲ့ဆိုယှဉ်ပြိုင်သွားစေချင်ပါတယ်၊ တင်လာတဲ့ သံချပ်စာသားတွေကို တည်းဖြတ်စိစစ်တာထက် မေတ္တာရပ်ခံတာပါ၊ တင်လာတဲ့ သံချပ်တဲ့ စာသားတွေကို အားလုံး ဖြတ်ပစ်လိုက်တာ မဟုတ်ပါဘူး၊ သူတို့ တင်လာတဲ့ စကားလုံးက နည်းနည်းပြင်းထန်ရင် စကားလုံး ပြောင်းလဲသွားပေမယ် ဆိုလိုရင်း ပြောင်းလဲခြင်းမရှိဘဲ ဒီအဓိပ္ပာယ်အတိုင်း ထွက်အောင် သံတူ ကြောင်းကွဲ သဘောမျိုး မေတ္တာရပ်ခံ စိစစ်သွားမှာပါ '' ဟု ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တားက ပြောသည်။

စာရင်းပေးသွင်းထားသည့် သံချပ် ၉ သင်းအနက် ၂ သင်းသာ သံချပ်စာသားများ ပေးပို့ထားရာ စိစစ်ရေးအဖွဲ့များ လုပ်ငန်းမြန်ဆန်စေရန် နှင့် သံချပ်အသင်းများ သရုပ်ပြန်တိုက်ချိန် ရရှိစေရန် ကျန်အဖွဲ့များအနေဖြင့် အမြန်ဆုံး ပေးပို့ကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly