အင်းဝအပ်ချုပ်ဆိုင်အမှု လူကုန်ကူးမှုဖြင့် အမှုစစ်ရဲအရာရှိအား စစ်ဆေး

အင်းဝအပ်ချုပ်ဆိုင်အမှု လူကုန်ကူးမှုဖြင့် အမှုစစ်ရဲအရာရှိအား စစ်ဆေး

ရန်ကုန်၊ မတ်လ ၃ဝ ။             ။ အိမ်အကူမိန်းကလေးငယ် နှစ်ဦး နှိပ်စက်ခံခဲ့ရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုအတွက် အမှုစစ်ရဲအရာရှိကို တရားလိုပြသက်သေအဖြစ် ယနေ့(မတ်လ ၃ဝ ရက်)၊ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် လူကုန်ကူးမှုဖြင့် စစ်ဆေးခဲ့သည်။

အဆိုပါလူကုန်ကူးမှုနှင့် ပတ်သက်ပြီး ခရိုင်တရားရုံးတွင် စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေက" အင်းဝအပ်ချုပ်ဆိုင် မိသားစုက အိမ်အကူမိန်းကလေးငယ်များကို အိမ်တွင်ခိုင်းစေရန်သာ ခေါ်ယူထားခြင်းဖြစ်ပြီး အခြားနိုင်ငံများသို့ ပို့ဆောင်ရန် ဆောင်ရွက်ခြင်း၊ အခြားအိမ်တွင် ခိုင်းစေရန် ကြံရွယ်ခြင်းများ မရှိခဲ့ဘူး"ဟု ဆိုခဲ့ပြီး အမှုစစ်ရဲအရာရှိ ရဲမှူးသန်းအေးက " မှန်ပါသည်"ဟု ထွက်ဆိုခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်အမှုနှင့် ပတ်သက်ပြီး ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက ကျောက်တံတားရဲစခန်းသို့ လာရောက် အမှုဖွင့်ခဲ့သည့်အတွက် ပ - ၁၉၃/ ၂ဝ၁၆ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် တိုင်ချက်ဖွင့်ပေးခဲ့ကြောင်း အမှုစစ်အရာရှိ ရဲမှူးသန်းအေးက ထွက်ဆိုခဲ့သည်။

တိုင်ချက်ဖွင့်ပြီးနောက် စွပ်စွဲခံရသူများအား ဖမ်းဆီးရမိရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးများနှင့်အတူ စုံစမ်း စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စုံစမ်းစစ်ဆေးခဲ့ရာ ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၁ ရက်တွင် အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင် တင်မင်းလတ်၊ စုမွန်လတ်နှင့် ဦးကိုလတ်တို့ကို ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာလ ၂၃ ရက်တွင် ရာဇာထွန်းကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှူးသန်းအေး ထွက်ဆိုချက်အရ သိရသည်။

ဒေါ်တင်သူဇာအပါအဝင် ၆ ဦးတို့အား၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ တရားစွဲဆိုခွင့်ပြုမိန့် ရရှိခဲ့သည့်အတွက် ၂၄ /၂၉/၃၂ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly