မသန့်ရှင်းသည့် ရေကြောင့် အာဖရိကတွင် လူ ၂၇ သန်းနီးပါး ကျန်းမာရေးကို ခြိမ်းခြောက်နေ

မသန့်ရှင်းသည့် ရေကြောင့် အာဖရိကတွင် လူ ၂၇ သန်းနီးပါး ကျန်းမာရေးကို ခြိမ်းခြောက်နေ

နိုင်ရိုဘီ၊ မတ် ၃၀ ။           ။ နိုင်ဂျီးရီးယား၊ ဆိုမာလီနှင့် တောင်ဆူဒန်တို့နှင့်အတူ ယီမင်အပါ၀င် မိုးခေါင်မှုဒဏ် သင့်နေသော အာဖရိကနိုင်ငံများတွင် မသန့်ရှင်းသည့် ရေကြောင့် လူပေါင်း ၂၇ သန်းနီးပါး၏ ကျန်းမာရေးဘဝခန္ဓာကို ခြိမ်းခြောက်ခံနေရကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က မတ် ၃၀ ရက်တွင် ထုတ်ပြန်သည်။

“အာဟာရချို့တဲ့မှု၊ မသန့့်ရှင်းတဲ့ ရေ၊ ရေဆိုးရေညစ်နဲ့ နုံ့ချာတဲ့ မိလ္လာစနစ်တွေကြောင့် ကလေးငယ်တွေက ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရောက်မလာနိုင်ဘဲ ရှိနေတယ်။”ဟု ယူနီဆက်ဖ်မှ အရေးပေါ် စီမံချက်ညွှန်ကြားရေးမှူး မန်နျူရယ်ဖောင့်တိန်းက ပြောသည်။

မသန့်ပြန့်သည့် ရေဆိုးရေညစ်သည် အာဟာရချို့တဲ့မှုကို ဖြစ်စေကာ ကလေးငယ်များအနေဖြင့် အာဟာရကြွယ်ဝသော အစားအစာကို စားသုံးသော်လည်း သောက်သုံးရသည့် ရေမသန့်ပါက ပိုမိုကောင်းမွန်သော ကျန်းမာရေးကို ရရှိလိမ့်မည်မဟုတ်ကြောင်း ယူနီဆက်ဖ်က ဆိုသည်။

မိုးရွာသွန်းမှု နည်းပါးခြင်း၊ သောက်သုံးရေဖူလုံမှု မရှိခြင်းတို့ကြောင့် သန်းပေါင်းများစွာသော ပြည်သူများမှာ မသန့်ရှင်းသော ရေကို သောက်သုံး၊ သုံးစွဲနေရပြီး အာဖရိကနှင့် အာရှတို့့တွင် စစ်ပွဲများနှင့် ရေရှည်မိုးခေါင်မှုများကြောင့် ပြဿနာကို ပိုမိုဆိုးရွားနေစေသည်။

ဘိုကိုဟာရမ်သောင်းကျန်းသူများ ပုန်ကန်ထကြွနေသည့် နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းတွင် ရေအရင်းအမြစ်နှင့် မိလ္လာစနစ်အခြေခံအအဆောက်အအုံများ၏ ရ၅ ရာခိုင်နှုန်း ပျက်စီးရကာ ပြည်သူ ၃ ဒဿမ ၈ သန်း စိတ်ချရသည့် ရေအရင်းအမြစ် ရရှိခြင်း မရှိကြောင်း ယူနီဆက်ဖ်က ဆိုသည်။

ဆိုမာလီတွင်လည်း လူဦးရေ၏ သုံးပုံတစ်ပုံ ၄ ဒဿမ ၅ သန်းက ရေအရင်းအမြစ် ချို့တဲ့မှု ကြုံရသည်။ တောင်ဆူဒန်တွင် ပြည်သူငါးသန်းကျော်ထက်မနည်းမှာ ဘေးကင်းသည့် ရေနှင့် သင့်တင့်ဖူလုံသော မိလ္လာစနစ် ရရှိခြင်းမရှိဘဲ ရှိနေကြောင်း ယူနီဆက်ဖ်က ပြောသည်။

ယီမင်တွင် နိုင်ငံတစ်ဝန်း ဖြစ်ပွားဆဲ ပဋိပက္ခများကြောင့် လူဦးရေ ၁၄ ဒဿမ ၅ သန်းမှာ ရေဖူလုံမှု မရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags