အမေရိကန်ဆီးနိတ် အမတ်အချို့က အီရန်နှင့်ရေနံစစ်ပွဲ ဆင်နွှဲလို

အမေရိကန်ဆီးနိတ် အမတ်အချို့က အီရန်နှင့်ရေနံစစ်ပွဲ ဆင်နွှဲလို

ဝါရှင်တန်၊ ဇူလိုင်-၂၉ ။    ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အီရန်နျူကလီးယားသဘောတူညီချက်ကို ကွန်ဂရက်သို့ နားဖောက်နေစဉ်မှာပင်၊ အမေရိကန် အထက်လွှတ်တော် အမတ်အချို့က အီရန်နှင့် ရေနံစစ်ပွဲ ဆင်နွှဲရန် ပြင်ဆင်နေကြသည်။

အမေရိကန်ရေနံစိမ်းအား ပြည်ပသို့တင်ပို့မှုကို ပိတ်ပင်ထားမှုကို ဖယ်ရှားပေးရန် ဥပဒေကြမ်းတစ်ခုကို ရီပတ်ဘလဘီကင် ဆီးနိတ်အမတ် လီဆာ မာကော့ဖ်စကီးက ကမကထပြု တင်သွင်းနေသည်။

အမေရိကန်ရေနံကို နိုင်ငံခြားသို့ တင်ပို့ခြင်းအားဖြင့် စစ်တပ်များ ပါဝင်ပတ်သက်စရာမလိုဘဲ ရန်သူများကို ယှဉ်ပြိုင်နိုင်စေမည်ဟု သူမက တိုက်တွန်းပြောကြားခဲ့သည်။ တစ်နည်းအားဖြင့် အမေရိကန်ရေနံ ကိုပြည်ပဈေးကွက်သို့ တင်ပို့လိုက်ပါက ကမ္ဘာ့ရေနံဈေးကွက်တွင် အမေရိကန်နှင့် အီရန်မှာ ထိပ်တိုက်တွေ့တော့မည်ဖြစ်သည်။  

အမေရိကန်ရေနံတင်ပို့မှုကို ပိတ်ပင်ထားမြဲပိတ်ပင်ထားပြီး၊ အီရန်ကို ရေနံတင်ပို့နိုင်အောင် ဘာ့ကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားပေးမလဲဟုလည်း ဆီးနိတ်ကြားနာမှုတစ်ခုတွင် မာကော့ဖ်စကီး ကမေးမြန်းခဲ့သည်။

အမေရိကန်က ၎င်း၏ရေနံ ပြည်ပတင်ပို့မှုကို ၁၉၇၀ခုနှစ်များကတည်းက ပိတ်ပင်ထားခဲ့သည်။ ပြည်တွင်းတွင် ဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းနေစေရန်နှင့် အမျိုးသားလုံခြုံရေးအကြောင်းပြချက် များဖြင့် ရေနံတင်ပို့မှုကို ပိတ်ပင်ထားခဲ့ရခြင်းဖြစ်သည်။ အထူးဖြင့် စစ်ဖြစ်ပွားနေသည့်အချိန်တွင် ရေနံကို ပြည်ပမှ မတင်သွင်းရစေရန် ပြည်တွင်းတွင်သာ အလုံအလောက် သိုလှောင်ထားရန်ဖြစ်သည်။

သို့ရာတွင် မာကော့ဖ်စကီးကမူ အမေရိကန်ရေနံပို့ကုန်ကို အီရန်ကို ဖိအားပေးရန် သံတမန်လက်နက်အဖြစ် အသုံးပြုနိုင်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် အမေရိကန် ကရေနံစိမ်းနှင့် မြင်းသား တင်ပို့မှုကို ကန့်သတ်ပိတ်ပင်ထားသည်။

အမေရိကန်အစိုးရ၏ ခန့်မှန်းချက်အရ အီရန်မှာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ကို ပိုင်ဆိုင်ထားသည်။ နျူကလီးယားသဘောတူညီချက်တွင် အီရန်၏ ဦးစားပေးတစ်ခုမှာ ရေနံကို လွတ်လပ်စွာတင်ပို့နိုင်အောင် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားပေးရေးပင်ဖြစ်သည်။

ရေနံဈေးနှုန်းမှာ ယခုလတွင် ၂၀ရာခိုင်နှုန်းနီးပါးအထိ ထိုးကျသွားခဲ့သည်။ ယင်းမှာ စီးပွားပျက်ကပ်နောက်ပိုင်းတွင် အနိမ့်ဆုံးကျဆင်းမှုဖြစ်ရာ၊ အီရန်သာ ရေနံပြန်လည်တင်ပို့နိုင်လာပါက ရေနံဈေးနှုန်းမှာ ထပ်မံကျဆင်းသွားဖွယ်ရာ  ရှိနေသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

အကယ်၍ မာကော့ဖ်စကီး၏ ဥပဒေကို အတည်ပြုလိုက်ပါက အမေရိကန်ယာဉ်မောင်းများနှင့် စားသုံးသူများအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ဈေးနှုန်းများ မည်သို့ဖြစ်လာမည်ဟူသည်ကို အကျယ်အကျယ် ငြင်းခုန်လျှက်ရှိပြီး၊ အမေရိကန်ရေနံသာ ပြည်ပဈေးကွက်သို့ရောက်ရှိလာပါက ကမ္ဘာ့ရေနံဈေးနှုန်းမှာ ထပ်မံကျဆင်းဖွယ်ရာရှိပြီး၊ အမေရိကန်ပြည်သူများအတွက်မူ ယခင်ကထက် ဈေးနှုန်း အတန်ငယ် မြင့်မားလာဖွယ်ရှိသည်။   

ရံဖန်ရံခါတွင် ကမ္ဘာ့ရေနံဈေးနှုန်းမှာ အမေရိကန်ဈေးနှုန်းထက် ဒေါ်လာအနည်းငယ် မြင့်မားနေလေ့ရှိသောကြောင့် အမေရိကန်ရေနံထုတ်လုပ်သူများကမူ ပြည်ပတွင် ဈေးနှုန်းမြင့်မားမှုမှ အကျိုးအမြတ်ရလိုကြသောကြောင့် ရေနံကို ပြည်ပသို့ တင်ပို့လိုကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly