နေပြည်တော်စည်ပင်က သိမ်းဆည်းခံလယ်ယာမြေများအတွက် လျော်ကြေးပေးအပ်

နေပြည်တော်စည်ပင်က သိမ်းဆည်းခံလယ်ယာမြေများအတွက် လျော်ကြေးပေးအပ်

နေပြည်တော်၊ မတ်လ-၂၉ ။            ။ နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏခရိုင် ဒက္ခိဏသီရိမြို့နယ်များရှိ နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင်မြေအဖြစ် လွှဲပြောင်းအသုံးပြုခွင့်ရရှိခဲ့သော လယ်ယာမြေ ၉၀၀ နီးပါးအား ထောက်ပံ့လျော်ကြေးငွေ ကျပ်သိန်းကိုးထောင်ကျော် ပေးအပ်သည့်အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါနေရာများတွင် လယ်ယာမြေမှာ ရှားပါးပြီး များသောအားဖြင့် ကုန်းကွက်များသာများသည့် အတွက် တစ်ဧကကို ပျမ်းမျှခြင်းဆယ်သိန်းနှုန်း ပေးအပ်ခဲ့ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူကဆိုသည်။

“အခုအချိန်မှာတော့ ဒီကသစ်တော အကွက်တွေကများသောအားဖြင့်က လယ်ကွက်က ရှားပါတယ်။ ကုန်းကွက်လို့ ပြောတဲ့ တစ်ချို့တစ်နှစ်ချင်းစိုက်သလို တစ်ချို့ နှစ်ကျော်ပြီးမှ   ပြန်စိုက်တဲ့မြေတွေဖြစ်တဲ့အတွက် ဒီဟာကိုတော့ ကျွန်တော်တို့ ဆယ်သိန်းနှုန်းပေးပါတယ်။ များသောအားဖြင့် ကုန်းကွက်ယာကွက်သတ်မှတ်ထားတဲ့ အတွက် တစ်ဧကဆယ်သိန်းနှုန်းလို့ ပျမ်းမျှခြင်း ပြောလို့ရပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ လျော်ကြေးငွေနှင့် အချို့သောတွက်ချက်လို့ရသော အကွက်ပေါ်ရှိ စိုက်ပျိုးသီးနှံများကိုလည်း ထပ်ပေါင်း၍ ပေးအပ်ခဲ့ကြောင်း ဦးမင်းသူကဆိုသည်။

ထိုသို့ပေးအပ်ခဲ့ခြင်းသည် လယ်ယာမြေသိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီ၏ မူအရ ပေးအပ်ခြင်းဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သိမ်းဆည်းခံမြေများနှင့် ပတ်သက်ပြီး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူများ နစ်နာမှုမရှိစေရေးအတွက် ဥပဒေနှင့်အညီ တရားဥပဒေစိုးမိုးရေး တရားမျှတရေးဆောင်ရွက်ပေးပါရန်ဆိုသည့် မူအပေါ်မှာ အခြေခံကာ   ဆောင်ရွက်ခြင်းဖြစ်ကြောင်း  ၎င်းက ဖြည့်စွက်ပြောသည်။

“လက်ရှိ အစိုးရအနေနဲ့ကလည်း သိမ်းဆည်းမြေများနဲပတ်သတ်လို့ ပြည်သူများနစ်နာမှုမရှိစေရေးအတွက် ပြန်လည်စစ်ဆေးမှုကော်မတီကို မူဝါဒတွေနဲ့အညီဖွဲ့စည်းဖြစ်တယ်။”ဟု ဆက်ပြောသည်။

အဆိုပါပေးအပ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ သစ်တောကျူးမြေများမှာ ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန်နှင့် ဓနသိဒ္ဓိရပ်ကွက်ကြားရှိ ဧရိယာအတွင်းတောင်သူ ၉၄ဦး၏ မြေဧက ၂၅၁.၆၄ အတွက် ၂၅၆.၇၂၁သန်း၊ ဇဗ္ဗူသီရီမြို့နယ်၊ သီရိရတနာ အဆင့်မြင့်စျေးတောင်ဘက်နှင့် ရွှေကြာပင်အကြားရှိ မြေဧရိယာအတွင်း တောင်သူ ၁၀ဦး၏ မြေ ၄၇.၁၀ဧကအတွက် ၄၇.၁၀၀သန်း၊ ဇဗ္ဗူသီရိ မြို့နယ်၊ မိုးသောက်ပန်းလမ်းနှင့် ရတနာမဥ္ဖူလမ်းအကြားရှိ မြေဧရိယာအတွင်း တောင်သူ ၂၃ဦးအတွက် ၅၂.၅၀ဧကအတွက် ၅၂.၅၀၀သန်း၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်လမ်းနှင့် မိုးသောက်ပန်းလမ်းအကြားရှိ တောင်သူ ၂၆ ဦး မြေဧက၁၀၃.၀၀အတွက် ၁၁၂.၅၁၄ သန်းတို့ကို မတ်လ ၂၉ရက်တွင် ပေးအပ်ပြီးဖြစ်သည်။

ကျန်ရှိသည့် ဒက္ခိဏသီရိမြို့နယ်၊ ဂရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ အနီးရတနာ မဥ္ဖူ လမ်းနှင့် နေပြည်တော်မြို့ပတ်လမ်းအကြားရှိ တောင်သူ ၂၂၈ဦးပိုင် မြေဧက၄၄၄.၈၂၅ အတွက် ၄၇၃.၁၁၄ သန်းကို မတ်လ ၃၀ရက်တွင် ဒက္ခိဏသီရိ စည်ပင်အုပ်ချုပ်ရေးမှူးရုံး၌ ဆက်လက် ပေးအပ်သွားရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly