ခြစားမှုကြောင့် ဆုံးရှုံးသွား သည့်ငွေကြေးများကို တရုတ်အစိုးရပြန်လည် ရရှိဟုဆို

ခြစားမှုကြောင့် ဆုံးရှုံးသွား သည့်ငွေကြေးများကို တရုတ်အစိုးရပြန်လည် ရရှိဟုဆို

ပေကျင်း၊ ဇူလိုင်-၂၉ ။        ။ အစိုးရက အနှံ့အပြားဖြစ်ပေါ်နေသည့် အကျင့်ပျက်ခြစားမှုကို အလုံးအရင်းနှင့် ဆန့်ကျင်တိုက်ဖျက်လာနေသောကြောင့် လာဘ်စားမှုကြောင့် ဆုံးရှုံးသွားခဲ့သည့် ယွမ်ငွေ ၃၈ဒသမ၇ဘီလျံ (စတာလင်ပေါင် ၄ဘီလျံ)ကို တရုတ်နိုင်ငံက ပြန်လည်ရယူနိုင်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

နိုင်ငံပိုင် ပြည်သူ့နေ့စဉ်သတင်းစာကြီးက ၎င်း၏ဝက်ဘ်ဆိုက်တွင် အာဏာရကွန်မြူနစ်ပါတီ၏ ထိပ်တန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကြီးကို ကိုးကားဖော်ပြချက်အရ လာဘ်စားသည့် အရာရှိများ အနေဖြင့် မသမာသည့်နည်းဖြင့် ရရှိထားသည့် အိမ်ခြံမြေနှင့် ပိုင်ဆိုင်မှုများကို နိုင်ငံသို့ ပြန်လည်ပေးအပ်ရမည်ဖြစ်သည်ဟု ဆိုသည်။

၂၀၁၂ခုနှစ် နိုဝင်ဘာလနှင့် ယခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် အဆင့်မြင့်ပါတီခေါင်းဆောင်များ၏ အစည်းအဝေးနှစ်ခု ကြားကာလတွင် ဆုံးရှုံးသွားသည့် ငွေကြေးများကို ပြန်လည်ရယူနိုင်ခဲ့သည်ဟု အဖွဲ့ကြီးက ပြောကြားခဲ့သည်။

တရားမဝင် အခွန်လျှော့ပေါ့ခွင့်ရနေသည့် အခွင့်ထူးခံလူများနှင့် စီးပွားရေးလုပ်ငန်းများမှာလည်း ၎င်းတို့လျှော့ပေါ့ဆောင်ခဲ့သမျှ အပြည့်အဝပြန်လည် ပေးဆောင်ရတော့မည်ဖြစ်သည်ဟုလည်း အဖွဲ့ကြီး ကပြောကြားခဲ့သည်။   

၂၀၁၂ခုနှစ်နှောင်းပိုင်းတွင် အာဏာရလာကတည်းက ပါတီခေါင်းဆောင်လည်းဖြစ်၊ စစ်ဦးစီးချုပ်လည်းဖြစ်သည့် သမ္မတရှီကျင့်ဖျင်က အနှံ့အပြားဖြစ်ပေါ်နေသည့် အကျင့်ပျက်ခြစားမှုများကို မဆုတ်မနစ် ဆန့်ကျင်တိုက်ဖျက်နေရာ ကျားကြီးများကိုရော ယင်ကောင်များကိုပါ အဂတိလိုက်စားသူ မည်သူ့ကိုမဆို အကြီးအသေးမရွေးဘဲ ပိုက်စိတ်တိုက် လိုက်လံခြေမှုန်းနေခဲ့သည်။

ယခုအချိန်အထိ ဖမ်းမိသမျှ အကြီးဆုံးကျားမှာ ဇူယောင်ကန်း (၇၂နှစ်)ဖြစ်ပြီး မေလက တံခါးပိတ်စစ်ဆေးကြားနာမှုအပြီးတွင် နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားစေမှု၊ အာဏာအလွဲသုံးစားမှုနှင့် လာဘ်စားမှုများဖြင့် ပြီးခဲ့သည့်လက ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

တရုတ်အစိုးရက အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်တိုက်ဖျက်ရာတွင် နိုင်ငံပိုင်အင်တာပရိုက်များ၊ စွမ်းအင်ကဏ္ဍနှင့် စစ်တပ်အပါအဝင် ကဏ္ဍအမျိုးမျိုးကို စစ်မျက်နှာစုံဖွင့်လျှက် တိုက်ဖျက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly