မဏ္ဍပ်တစ်ခုတွင် အနည်းဆုံးရဲအင်အား ၂၀ ချထားမည်

မဏ္ဍပ်တစ်ခုတွင် အနည်းဆုံးရဲအင်အား ၂၀ ချထားမည်
Photo - EPA

ရန်ကုန်၊ မတ် ၂၉ ။            ။ ရန်ကုန်တိုင်းရှိ သင်္ကြန်မဏ္ဍပ် တစ်ခုချင်းစီတွင် အနည်းဆုံးလုံခြံုရေးရဲအင်အား ၂၀ ခန့်ချထားပေးမည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးလှဝေကပြောဆိုလိုက်သည်။

“မဏ္ဍပ်တစ်ခုမှာ အနည်းဆုံးရဲတပ်ဖွဲ့ဝင် ၂၀ ပေါ့။ ၂၀ စီဆိုတာကြီး မဏ္ဍပ်လည်းလူတအားများတယ်ဆိုရင် ၂၀ မကဘူး အပေါင်း၁၀ လည်းဖြစ်ရင်ဖြစ်မယ်။ ၁၅ ယောက်လည်းဖြစ်ချင်ဖြစ်မယ်။ အင်အားပေါ်မူတည်ပြီးဆောင်ရွက်သွားမှာပါ။ ပုံသေကြီးပဲ ၂၀ မဟုတ်ပါဘူး။ လူစီကားတဲ့ မဏ္ဍပ် လူရှုပ်ထွေးတဲ့မဏ္ဍပ်ဆို အင်အားပိုချပေးမယ်။ ခပ်လတ်လတ်လေးတွေဆိုရင် ခုနက ၂၀လောက်နဲ့နိုင်တယ်ဆိုရင် အလျင်းသင့်သလိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်" ဟု ၎င်းကပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယနေ့ (မတ် ၂၉ရက်)က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ “သင်္ကြန်ကာလအတွင်း မှုခင်းကြိုတင် ကာကွယ်ခြင်းနှင့် လုံခြံုရေးဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းအစည်း" အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

မဏ္ဍပ်တစ်ခုချင်းစီတွင် ချထားပေးမည့် ရဲတပ်ဖွဲ့အင်အား ၂၀ မှာအရာရှိအဆင့် နှစ်ဦးနှင့် အခြားအဆင့် ၁၈ယောက်ပါဝင်မည်ဖြစ်ပြီး အရပ်ဝတ်ဖြင့်လည်း ရဲတပ်ဖွဲ့ဝင်များကို လုံခြံုရေးချထားပေးမည်ဖြစ်ကြောင်းသိရသည်။

“အဓိကခိုးဆိုးနှိုက်တွေ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးဖို့အတွက် အရပ်ဝတ်နဲ့လည်း တာဝန်ချထားမှာပါ" ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးလှဝေကပြောဆိုသည်။

လတ်တလောအနေဖြင့် မဏ္ဍပ်အကြီး ၂၂ ခု နှင့် အကြီးအလတ်စုစုပေါင်း ၆၀ ခွင့်ပြုထားပြီး မဏ္ဍပ်အကြီး ၂၁ခုမှာ ဆောင်လုပ်ပြီးစီးကြောင်း ၎င်းကပြောသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ရဲတပ်ဖွဲ့မှ ၆၀၀၀ ကျော်၊ မီးသတ်၊ ကြပ်ခြေနီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာမှ ဝန်ထမ်းများ စုစုပေါင်း ၈၀၀၀ခန့် အသုံးပြုသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ဆိုထားသည်။

ယင်းအပြင် မီးသတ်မှ အင်အား ၁၀၀၀ ကျော်သုံးရန် ခန့်မှန်းထားပြီး ကြက်ခြေနီအဖွဲ့မှအင်အားမည်မျှသုံးမည်ကိုမူ မသိရှိရသေးကြောင်း ယနေ့ပြုလုပ်သည့်အစည်းအဝေးမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly