ပါကစ္စတန်တွင် ဖမ်းဆီးခံထားရသည့် ဆွန်နီစစ်သွေးကြွခေါင်းဆောင်အား လက်နက်ကိုင်များ ဝင်လုရာမှ ရဲနှင့် တိုက်ပွဲဖြစ်ကာ သေဆုံး

ပါကစ္စတန်တွင် ဖမ်းဆီးခံထားရသည့် ဆွန်နီစစ်သွေးကြွခေါင်းဆောင်အား လက်နက်ကိုင်များ ဝင်လုရာမှ ရဲနှင့် တိုက်ပွဲဖြစ်ကာ သေဆုံး

ပါကစ္စတန်တွင် တရားမဝင်အဖွ့ဲဖြစ်သည့် ဆွန်နီစစ်သွေးကြွ အုပ်စု  Lashkar-e-Jhangvi ၏ ခေါင်းဆောင် မာလစ်အစ်ဟတ်ကို ရဲက ဖမ်းဆီးထားရာ လက်နက်ကိုင်တစ်စုက ၎င်းလွတ်မြောက်ရေးအတွက် လာရောက်တိုက်ခိုက်ရာမှ ရဲက ၎င်းအား ပစ်ခတ်သတ်ဖြတ်ခဲ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်က အစ်ဟတ်ကို ဖမ်းဆီးထားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၉ ရက်တွင် ၎င်းအား နေရာအရွှေ့အပြောင်းပြုလုပ်စဉ် လက်နက်ကိုင်တစ်စုက ၎င်းလွတ်မြောက်ရေးအတွက် ရဲယာဉ်တန်းကို လာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားကာ ၎င်း၏ သားနှစ်ဦးနှင့် အခြားသူ ၁၁ ဦးတို့ကိုပါ တိုက်ပွဲအတွင်း ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

အစ်ဟတ်သည် ကမ္ဘာ့အကြမ်းဖက်သမားအဖြစ် အမေရိကန်စာရင်ဝင်ဖြစ်ပြီး ၎င်းထူထောင်သည့် Lashkar-e-Jhangvi အဖွဲ့က ရှီးယိုက်အများစုအပါအဝင် အရပ်သား ရာပေါင်းများစွာကို တိုက်ဖြတ်မှုအတွက် လက်သည်အဖွဲ့တစ်ရပ်ဖြစ်သည်။

၎င်းကို လူသတ်မှုများစွာဖြင့် တရားစွဲဆိုခဲ့သော်လည်း မျက်မြင်များက သက်သေခံရန် ငြင်းဆိုကြသဖြင့် ပြန်လည်လွှတ်မြောက်၍သာ လာခဲ့သူဖြစ်သည်။ ဇူလိုင် ၂၅ ရက်က ၎င်းအား သားနှစ်ဦးအတူ လုံခြုံရေးဥပဒေတစ်ရပ်အရ ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၂၈ ရက်က လက်နက်ဝှက်ထားရာ နေရာတစ်နေရာကို ရဲက ဖော်ထုတ်နိုင်ပြီး ဖမ်းဆီးရမိထားသူများကို အစ်ဟတ်၏ အဖွဲ့ဝင်များ ဟုတ်မဟုတ် အတည်ပြုရန်အတွက် အစ်ဟတ်နှင့် အတူ သားနှစ်ဦးအား ယင်းနေရာသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

နောက်တစ်နေ့ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင်  ချုပ်နှောင်ရာ နေရာသို့ ပြန်လည်ပို့စဉ် လမ်းခုလတ်၌ မော်တော်ဆိုင်ကယ်များဖြင့် လက်နက်ကိုင်များ၏ အလစ်ငိုက်တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ရဲများဖက်က ရဲ ခြောက်ဦးဒဏ်ရာရရှိသွားကြောင်း သတင်းတွင်ဖော်ပြသည်။

Ref: THE IRISH TIMES

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly