မန္တလေးတိုင်းအတွင်း ရေရှားနိုင်သည့်မြို့နယ်များ၌ ရေကြိုတင်ဖြန့်ဝေမှု စတင်ပြီ

မန္တလေးတိုင်းအတွင်း ရေရှားနိုင်သည့်မြို့နယ်များ၌ ရေကြိုတင်ဖြန့်ဝေမှု စတင်ပြီ

မန္တလေး၊ မတ် ၂၉ ။             ။ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၃)မြို့နယ်တွင် (၂၀၁၇)ခုနှစ် ဧပြီလ ပထမအပတ်မှ စတင်၍ ရေရှားပါးနိုင်သည့် ကျေးရွာများအား   ရေကြိုတင်ဖြန့်ဝေမှုလုပ်ငန်းများကို  (၂၀၁၇)ခုနှစ် မတ်လနောက်ဆုံးအပတ်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၃) မြို့နယ်တွင် ကျေးရွာပေါင်း(၄၆၃၉)ရွာရှိပြီး သောက်သုံးရေးဖူလုံသော   ကျေးရွာ(၃၄၈၇)ရွာ၊ သောက်သုံးရေအသင့်အတင့်ရှိသော ကျေးရွာ(၉၃၂)ရွာ၊   သောက်သုံးရေးလုံလောက်မှု မရှိသည့် ကျေးရွာ(၂၂၀)ရွာရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကောက်ခံထားသော စာရင်းတွင် ဖော်ပြထားသည်။

''မန္တလေးတိုင်းဒေသကြီးအတွင်း မတ်လနောက်ဆုံးအပတ်ကစပြီး ရေရှားပါးတဲ့ နေရာတွေကို ရေဖြန့် ဝေပေးနေပါတယ်။ လာမည် ဧပြီလမှ ရေပြတ်နိုင်တဲ့ နေရာတွေကိုလည်း ရေကြိုတင်ဖြန့်   ဝေပေးနိုင်ဖို့ ဆောင်ရွက်ပေးနေပါတယ်။ အုတ်ကန်ရှိတဲ့ နေရာတွေကို ထိန်းသိမ်းခြင်း။ ပြုပြင်ခြင်းများ ဆောင်ရွက်ဖို့ အုတ်ကန်မရှိရင် ယာယီရေကန် လုပ်ပေးဖို့ ညွန်ကြားထားပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမင်းဟန်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ယခင်နှစ် ရေရှားပါးချိန်တွင် ကျေးရွာပေါင်း (၁၄၂)ရွာ ရေရှားပါးမှု ရင်ဆိုင်ခဲ့ရပြီး ယခုနှစ် ဧပြီလအတွင်း ရေရှားပါးချိန်တွင် ကျေးရွာပေါင်း(၁၆၅)ရွာ ရေရှားပါးမှု ရင်ဆိုင်ရမည်ဟု ခန့်မှန်းထားကြောင်း မန္တ္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဦးစီးဌာနမှ သိရသည်။

''ဒီနှစ် ရေလိုအပ်ချက်များနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ရေကို မသုံးစေချင်ဘူး၊ ချွတ်တာသုံးစေချင်တယ်၊ ကျေးရွာတွေမှာ ကွင်းဆင်းပြီး ရေကို ဘယ်လို ချွေတာသုံးရမယ်ဆိုတဲ့ အသိပညာပေးတာတွေ လုပ်နေပါတယ်။ ရေလိုအပ်တဲ့နေရာတွေက သက်ဆိုင်ရာမြို့နယ် ကျေးလက်ရုံး။ ထွေအုပ်ရုံးတွေကို ချိတ်ဆက်နိုင်ပါတယ်။ ရေလိုအပ်တဲ့နေရာတွေအားလုံး အဆင်ပြေမှုရှိအောင် စီစဉ်ပေးနေပါတယ်။ အဖွဲ့အစည်းအားလုံးနဲ့ချိတ်ဆက်လုပ်မှာဖြစ်တဲ့အတွက် ဘာမှပူစရာမရှိပါဘူး'' ဟု မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမင်းဟန်က ပြောသည်။

ယခင်နှစ်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြစ်သား၊ တံတားဦး၊ မိတ္တီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း စသော မြို့နယ်များထဲမှာ ကျေးရွာပေါင်း (၁၄၂)ရွာ ရေရှာပါးခဲ့ရပြီး လူဦးရေ (၈)သောင်း ငါးထောင်အတွက် ရေဂါလံ(၈)သိန်းကျော် ဖြန့်ဝေပေးခဲ့သည်။

ယခုနှစ် ဧပြီလတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာ၊ သပိတ်ကျင်း၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ မိတ္တီလာ၊ မလှိုင်၊ ၀မ်းတွင်း၊ သာစည်၊ မြင်းခြံ၊ ငါန်းဇွန်၊ တောင်သာ၊ နွားထိုးကြီး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း စသော မြို့နယ်(၁၆)မြို့နယ်မှာ ကျေးရွာပေါင်း (၁၆၅)ရွာ ရေရှားပါးမည်ဖြစ်ပြီး ရေဖြန့် ပေးရန် အသုံးစရိတ် ကျပ်(၄၅.၄၁၉၅)သန်း အသုံးပြုသွားမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ် ရေရှားပါးသည့်ဒေသများရှိ လူဦးရေ တစ်သိန်းသုံးသောင်းအတွက် ရေဂါလံ (၂၆)သိန်း ဖြန့် ဝေပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly