၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူစိတ်ဝင်စားမှု ဘာကြောင့် နည်းနေတာလဲ (နိဂုံးပိုင်း)

29 March 2017
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူစိတ်ဝင်စားမှု ဘာကြောင့် နည်းနေတာလဲ (နိဂုံးပိုင်း)
 

ဦးမျိုးသန့်

Editor, Mizzima Media

ကိုစိုင်းရေ ကျွန်တော် ဒီကအချက်အလက်တွေကို ကြည့်ရတဲ့အခါမှာ ပြည်သူလူထုကတော့ နည်းနည်း စိတ်ဝင်စားမှု လျော့ကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ မဲစာရင်းတွေလည်းမသိဘူး။ ဒီမှာလည်း ရွေးကောက်ပွဲဥပဒေ နည်းဥပဒေတွေနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ဆက်လုပ်ရမယ့် ပြင်ဆင်ရမယ့်ဟာတွေကလည်း ရှိနေသေးတယ်ဆိုတော့ ဒီ ပါတီတွေဘက်ကနေရော ပြန်ကြည့်ရင် သူတို့က ကြားဖြတ်ရွေးကောက်ပွဲပေါ် မူတည်ပြီးတော့ ပြောမယ်ဆိုရင် သူတို့က ဘယ်လောက်ထိ စိတ်ဝင်စားသလဲ။ ဥပမာဆိုကြပါစို့ မဲဆွယ်စညး်ရုံးတာပဲဖြစ်ဖြစ် သွားပြီးတော့မှ ပြည်သူလူထုနဲ့ ထိတွေ့တာပဲဖြစ်ဖြစ် ဘယ်လောက်အထိ အတိုင်းအတာထိ လုပ်နိုင်ပြီလဲ။ ဘယ်ပါတီက ဘယ်လိုမျိုးအခြေအနေရှိသလဲ။

ဦးစိုင်းရဲကျော်စွာမြင့်

အမှုဆောင်ရိုက်တာ, PACE

မဲစားရင်းကပ်တဲ့နေရာမှာရော ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကို မတွေ့ရဘူး။ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိကို နိုင်ငံရေးပါတီတွေကို မတွေ့ရဘူး။ အဓိကလုပ်တာကတော့ ကော်မရှင်အဖွဲ့ခွဲတွေ လုပ်တာများတယ်။ အရပ်ဖက်အဖွဲ့အစည်း နည်းနည်းပါးပါး ပါမယ်။ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အများကြီးမပါကြပါဘူး။ အဓိက ကော်မရှင်အဖွဲ့ခွဲတွေကပဲ ကျွန်တော်တို့ လုပ်နေတာဆိုတော့ ပါတီအနေနဲ့ကကျတော့လည်း  ကြီးကြီးမားမား လုပ်တာကို မတွေ့ရဘူး။ ၂၂ မြို့နယ်လုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်တော့ နည်းနေတယ်လို့ ပြောလို့ရတယ်။ တချို့မြို့နယ်တွေမှာဆိုရင် အားအရမ်းကောင်းတယ်။ ဥပမာ မိုင်ရှူးတို့ဘက်မှာဆိုရင် တော်တော်များများ လုပ်ကြတယ်။ အမ်းတို့ဘက်မှာလည်း တော်တော်မျာများ လုပ်ကြပါတ်။ ဒါပေမယ့် ၂၂ မြို့နယ်အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ ပါတီရဲ့ ကျွန်တော်တို့ခေါ်တာကတော့ အနိမ့်ဆုံးပေါ့ ပြည်သူလူထုကို ကြားဖြတ်ရွေးကောက်ပွဲရှိတယ်၊ မဲထည့်သင့်တယ်ဆိုတဲ့ဟာက နည်းနေတယ်ဆိုတာကို တွေ့ရတယ်။

တကယ်တမ်းကျတော့ ကြားဖြတ်ရွေးကောက်ပွဲက ကျွန်တော်တို့ရဲ့ မဲဆန္ဒနယ်တွေ ရာနဲ့ချီတဲ့ ၆၀၀ ကျော်ရှိတဲ့ မဲဆန္ဒနယ်တွေကို ကျွန်တော်တို့ ပြောတဲ့အခါမှာ နည်းတယ်လို့တော့ထင်ရတာပေါ့။ ဒါပေမယ့် မဲပေးနိုင်တဲ့ဦးရေက ၂ သနး်ကျော်ရှိတယ်။ ဒါ ဒီနိုင်ငံသားတွေက မဲလာမပေးဘူး မသိဘူးဆိုတဲ့ဟာက ကျွန်တော်တို့ ရေရှည်မှာ ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီအတွက် အရေးကြီးဆုံးသော အရာပဲ။ ဒါက သူ့ရဲ့ အုပ်ချုပ်တဲ့သူအပေါ် တာဝန်ခံမှု ပြည်သူလူထုက ရဲရဲဝံ့ဝံ့နဲ့ သူ့ရဲ့တာဝန်ခံမှုကို တောင်းတဲ့နည်းပဲ။ ဆိုတော့ ဒါကို ပြည်သူလူထုက မသိပဲ ဒါကို သုံးလို့မရဘူးလို့ ယူဆလို့ရှိရင်   နိုင်ငံရေး အသွင်ပြောင်းဖို့ကတော့ စိတ်ဝင်စားစရာပါပဲ။ မဲဆန္ဒနယ် နည်းတာမနည်းတာထက်စာလို့ရှိရင် အဲဒီ ၂ သန်းရဲ့ နိုင်ငံရေး အခွင့်အရေးကို ကျွန်တော်တို့ ကာကွယ်ပေးရမယ် မြင့်တင်ပေးရမယ်ဆိုတဲ့ဟာကို အားပေးရမယ်။

နိုင်ငံရေးပါတီနဲ့ တွေ့တဲ့အခါမှာလည်း ကျွန်တော်တို့ ပြောပါတယ် ကျွန်တော်တို့ စောင့်ကြည့်လေ့လာရေးတွေအနေနဲ့ နိုင်ငံရေးပါတီတွေကိုဖိတ်တယ်။ ကျွန်တော်တို့ ဒါတွေဒါတွေတော့လုပ်ပါ့မယ် တွေ့ရှိချက်တွေ ဒီလိုဒီလို ရှိပါတယ်လို့ ပြောတဲ့အခါမှာ သူတို့ကကျတော့လည်း မဲဆွယ်တဲ့ကိစ္စရယ် ဥပမာဆိုကြပါစို့ ဆိုင်းဘုတ်ချိတ်တဲ့အခါမှာ စည်ပင်က အခွန်ကောက်တာက စီးပွားရေးအခွန်ကောက်တာနဲ့ တူတူပဲ အဲဒါတွေကို လျော့ပေးချင်တယ်ဆိုတော့ အဲဒါတွေကိုတော့ ကျွန်တော်တို့ ညှိရမယ်ပေါ့နော်။

ဦးမျိုးသန့်

Editor, Mizzima Media

အဲတော့ ကျွန်တော်ကလေ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေပဲ မဟုတ်ဘူး ပါတီကတော့ သူ့ကိစ္စသူလုပ်မှာပဲ ဒီနေရာ ရွေးကောက်ပွဲရှိတယ် သွားပြီးတော့ စည်းရုံးမှာပဲ မဲစာရင်းလာကြည့်တာ မကြည့်တာ သူ့ကိစ္စ တိုက်ရိုက်သက်ဆိုင်တယ်လို့တော့ မထင်ဘူး။ အဲတော့ ကျွန်တော်တို့က သတင်းအချက်အလက်တွေကလည်း ရတာ နည်းတယ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့မှာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန တစ်ရပ်လုံးရှိနေတာပဲ သူကနေပြီးတော့ ဖော်ပြတာမျိုးတို့ ဘယ်လိုမျိုး မဲပေးရမယ် ဘယ်နေရာတွေကတော့ လစ်လပ်မဲဆန္ဒနယ်တွေ ဖြစ်တယ်ဆိုတာကို ဒါမျိုး မထုတ်ပြန်ပေးသင့်ဘူးလား။ အဲဒါမျိုး ထုတ်ပြန်တာရော ဆရာမ သတိထားမိလား။

ဒေါ်ကြပြာ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ကျွန်မ TV ထဲမှာတော့ အဲဒီကိစ္စကို အရုပ်လေးတွေနဲ့ပါ လာတာကို တွေ့ပါတယ်။ ကျွန်မတို့ ၂၀၁၅ တုန်းကတောင် အဲဒါမျိုးက မရှိဘူးဆိုတော့ အခု ဘာပဲဖြစ်ဖြစ်ပေါ့ ပြန်ကြားရေးကို ကျေးဇူးတောင် တင်ရသေးတယ်ပေါ့နော်။ အရင်တုန်းက ဒါမျိုး လူစိတ်ဝင်စားစရာလေးတွေ မလာဘူး ပြီးတော့ အွန်လိုင်းပေါ်ကနေပြီးတော့ တော်တော်များများ လုပ်နေကြတာတွေရှိတယ်။ ဒါပေမယ့် ပြဿနာက ကျွန်မတို့နိုင်ငံမှာက အွန်လိုင်းသုံးနိုင်တဲ့ အရေအတွက်က အရမ်းနည်းနေတယ်။ ဆိုတော့ အမှန်က ပါတီတွေက ဒီထက်ပိုပြီးတော့ ပိုအားစိုက်ရမယ် ကျွန်မသိသလောက် ဒီရွေးကောက်ပွဲမှာ ၂၄ ပါတီပဲ ဝင်ပြိုင်တယ် လူက ၉၆ ယောက် ဝင်ပြိုင်တယ်လို့ သိရပါတယ်။ ၁၉ နေရာအတွက်ကိုပေ့ါ။ ဆိုတဲ့အခါကျတော့ ပါတီတွေအနေနဲ့လည်း ကျွန်မသိရသလောက်က ကျွန်မတို့နိုင်ငံက ပါတီသာများတာ ၂၀၁၅ တုန်းကဆိုရင်လည်း မဲစာရင်းကိစ္စကို စိတ်ဝင်စားတာ NLD တစ်ခုတည်းလိုပဲ။ တခြားပါတီတွေက စိတ်မဝင်စားသလိုပဲ။

ဆိုတော့ အခုလည်း ဒီအတိုင်းပဲ အခုဆိုလို့ရှိရင် NLD ကလည်း နည်းနည်းတောင် ပိုအေးသွားသလိုပဲ။ မဲစာရင်းက စိတ်ထဲမှာလည်း ဒီလိုပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အခုရွေးကောက်ပွဲကော်မရှင်က ငါတို့ အစိုးရတင်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုပြီးတော့ပဲ စိတ်အေးတာလား ဘယ်လိုလဲတော့မသိဘူးနော်။ ဒီမဲစာရင်းနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုကို မဲစာရင်းလာကြည့်အောင် မဲလာပေးချင်အောင်ဆိုတဲ့ စွဲဆောင်မှုမျိုးက နည်းနည်း နဲပြီးတော့ ငါတို့ဆိုင်းဘုတ်တွေထောင်မယ်၊ ပြီးတော့ ငါတို့ လက်ကမ်းစာဆောင်တွေဝေမယ်။ အဆင်သင့်လုပ်မယ်ဆိုတဲ့ဟာမျိုးက ပိုများနေတယ်။ ပြီးတော့ ကျွန်မ နောက်ထပ်စိတ်ပူတာက ဒီ မဲရုံကိုယ်စားလှယ် ဘာညာတွေကလည်း အများကြီးရှိသေးတာကို ဆိုတော့ အဲဒီဖြစ်စဉ်ကြီးကို စိတ်ဝင်စားဖို့ကလေ ပါတီတွေက တော်တော်အရေးကြီးပါတယ်။

ဒါပေမယ့် ကျွန်မသတိထားမိတာကတော့ ဒီကိစ္စကို ၂၀၁၅ ကတည်းက သိပ်ပြီးတော့ စိတ်မဝင်စားခဲ့ကြဘူး။ ပြီးတော့ နောက်တစ်ခုဖြစ်နိုင်တာက ကျွန်မတို့က ဒါက ၂၀၁၅ ကျတော့မှ မြန်မာနိုင်ငံမှာ တကယ့်ကိုပဲ ကြီးကြီးကျယ်ကျယ်ပေါ့ါနော် ပြောရမယ်ဆိုရင် ပထမဦးဆုံးလို့တောင် ပြောလို့ရတယ် ၂၀၁၀ ကတော့ ကျွန်မတို့ကိုယ်တိုင်လည်း စိတ်မဝင်စားခဲ့ကြတော့ ဆိုတော့ အသစ်ကြီးလို့ ဖြစ်နေတဲ့အခါကျတော့ လုပ်ရကိုင်ရတဲ့အခါမှာ သိပ်ပြီးတော့ မကျွမ်းကျင်ဘူး ငါတို့ ဘယ်အပိုင်းကို ပိုပြီးတော့ အားစိုက်သင့်တယ်ဆိုတာမျိုးလည်း သိပ်မသိကြသေးတာလားတော့ မသိဘူး အဲဒါလည်း ဖြစ်နိုင်တယ်ပေါ့နော်။ ကွဲကွဲပြားပြား မသိသေးတာပေါ့။

ဦးမျိုးသန့်

Editor, Mizzima Media

ဟုတ်ကဲ့ပါ ခုနက ကိုစိုင်းပြောသွားတဲ့အထဲမှာ ကျွန်တော် စိတ်ဝင်စားတာက ၂ သန်းပေါ့လေ။ ကျွန်တော်တို့ မဲပေးခွင့်ရှိတဲ့သူရဲ့ ၂ သန်းပေါ့။ သူတို့မှာ ဒါပေမယ့် ကိုစိုင်းပြောတဲ့ အချက်အလက်တွေအရဆိုရင် ၁ သန်းလောက်ပဲ မဲပေးတယ် ဒါတောင်မှ တိတိကျကျ မဖြစ်နိုင်ဘူး။ ၁ သန်းမဲပေးပါမယ်ဆိုပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ အာမမခံနိုင်ဘူး။ အဲတော့ ၁ သန်းကတော့ သူ့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမယ့်အနေအထား ရှိတယ်။ အဲတော့ ကျွန်တော်တို့ ဒီနိုင်ငံသားအခွင့်အရေးဆုံးရှုံးရင် မဲပေးခွင့်မရှိတော့ဘူးဆိုရင် သူ့ရဲ့ တစ်သီးပုဂ္ဂလ ဒါမှမဟုတ်ရင် ကိုယ်ကျိုးစီးပွား ဒါမှမဟုတ်ရင် သူ့ရဲ့ ဘယ်လိုပြောမလဲ သူ့အခွင့်အရေး ဘာတွေများ ဆုံးရှုံးမလဲ။ ဘာတွေများ သက်ရောက်မှုရှိမလဲ။

ဦးစိုင်းရဲကျော်စွာမြင့်

အမှုဆောင်ရိုက်တာ, PACE

ကျွန်တော် စိတ်ပူတာက ကျွန်တော်တို့က ပြီးခဲ့တဲ့ ဆယ်စုနှစ်ကြီး လေးငါးခြောက်ခုမှာ နိုင်ငံသားတွေက နိုင်ငံရေးမှာပါဝင်ဖို့ အမြဲတမ်း ကြောက်ရွံ့နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ခေတ်စနစ် အခြေအနေအရ။ အခုဆိုရင် ကျွန်တော်တို့ ပွင့်လာပြီ ပွင့်လာတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံရေးဖြစ်စဉ်မှာ နိုင်ငံသားတွေ အမြဲတမ်းရှိနေမှ ဖြစ်စဉ်ရှိတာပေါ့။ သူက ဒီနိုင်ငံရေးဖြစ်စဉ်မှာ အရမ်း အရေးကြီးဆုံး တရားဝင် ဆိုတော့ မဲမပေးတဲ့အတွက်လည်း သူ့မှာ အဖမ်းခံရဖို့မရှိဘူး။ မဲပေးတယ်ဆိုတာ သူ ဘယ်သူ့ကိုကြိုက်တယ်ဆိုတာ တရားဝင် သွားပြီးတော့ပြောသလို ဘယ်သူ့ကို မကြိုက်ဘူးဆိုတဲ့ သူ့ရဲ့ နိုင်ငံရေးအယူအဆကို တရားဝင်ထုတ်ဖော်တာ။ သူဘယ်ပါတီကို ကြိုက်တယ် ဘယ်အမတ်ကိုတော့ မကြိုက်ဘူးဆိုတာကို တရားဝင် သူ့ရဲ့သဘောကို အမြင်ကို တရားဝင် ထုတ်ပြနိုင်တဲ့ကိစ္စ။ သူ အဲဒါကို မလုပ်ချင်တော့ဘူးဆိုတဲ့ဟာက အရမ်းစိတ်ပူစရာကောင်းတယ်။

ပထမအချက် တကယ်ပဲကျွန်တော်တို့ ဘာကြောင့်မို့ ကျွန်တော်တို့လည်း အခု အဲဒါကို လုပ်ဖို့ရှိပါတယ်။ ဘာကြောင့်မို့ ကျွန်တော်တို့ ခုနက ၅၇ ရာခိုင်နှုန်းက မဲထည့်မယ်လို့ပြောတဲ့အခါမှာ ကျန်တဲ့သူတွေက ဘယ်သူတွေလဲဆိုတာကို ကျွန်တော်တို့ စမ်းစစ်ကြည့်ချင်တယ်။ ဥပမာ လူငယ်တွေလား အမျိုးသမီးတွေလား ဒါမှမဟုတ်လည်း ပညာရေးအရ မြင့်တဲ့သူတွေလား နိမ့်တဲ့သူတွေလား ကျွန်တော်တို့ စမ်းစစ်ကြည့်ချင်တယ်။ အဓိကကတော့ဗျာ ကျွန်တော်စိတ်ပူတာက ပထမအချက် သူဟာ သူ့ရဲ့ မဲဆန္ဒနယ်မြေမှာ သူ့ကို တာဝန်ခံမယ့်သူကို သူရှာရမှာပေါ့။ သူ့အတွက် ကိုယ်စားပြုပေးမယ့်သူကို သူစိတ်မဝင်စားဘူးဆိုတဲ့သဘောပဲ။ ဆိုတော့ ပထမအချက် နောက်ဆုံး ကျွန်တော်တို့ ရွေးလာတဲ့သူက သူတို့ရဲ့အကျိုးစီးပွားပေါ့။ စီးပွားရေးအရ အဲဒီအကျိုးစီးပွားကို မလုပ်တဲ့သူဆိုရင် သူ့အပေါ်မှာ နေ့တလူ တိုက်ရိုက်သက်ရောက်မှုကတော့ ရှိနေမှာပဲ။ အဲဒါကို အခွင့်အရေးကတော့ သူ့မှာ အဲဒါကို တွန်းလှန်ဖို့အခွင့်အရေးက နည်းနေမှာပဲ။ အဓိကကတော့ ဒီနိုင်ငံရေးဖြစ်စဉ်မှာ မပါချင်တော့ဘူးလို့ စိတ်မျိုးသာရှိမယ်ဆိုရင် ဒါက ကျွန်တော်တို့တိုင်းပြည်အတွက် မကောင်းဘူး။ အထူးသဖြင့် အသွင်ကူးပြောင်းတဲ့အခါမှာ နိုင်ငံသားတွေက နိုင်ငံရေးကနေပြီးတော့ နောက်ပြန်ဆုတ်သွားတယ်ဆိုတာ ဒါက မကောင်းတဲ့သဘောပါပဲ။

ဦးမျိုးသန့်

Editor, Mizzima Media

ကျေးဇူးတင်ပါတယ် အဲတော့ ကျွန်တော်တို့ အချိန်လေးလည်း နည်းနည်း လင့်လာပြီဆိုတော့ ဆရာမကို ကျွန်တော် နည်းနည်းပေပါရစေ။ အဲတော့ ကျွန်တော်တို့က ဒီ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို အခြေတည်ပြီးတော့ပဲ ကျွန်တော် ပြောမယ်ဆိုရင် ခုနက နည်းနည်းလေး ဆုတ်သွားတဲ့ပုံစံမျိုးဆိုတော့ ၂၀၂၀ ကျရင် ကျွန်တော်တို့ ဘာများ ဖြစ်လာနိုင်ချေရှိလဲ။ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုပေါ့နော် ဒါမှမဟုတ်ရင် ရွေးကောက်ပွဲအပေါ် အလေးထားမှုပေါ့ အဲဒါလေးကို အတိုချံုးလေး ပြောပေးပါဦးနော်။

ဒေါ်ကြပြာ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ကျွန်မ ခုနက ကိုစိုင်းပြောတာကို သိပ်ပြီးတော့ သဘောမတူဘူး။ သဘောမတူဘူးဆိုတာက ဒီလိုပါ ဆိုတော့ ဆုတ်သွားတာမဟုတ်ဘူး ပါလာရကောင်းမှန်းကို မသိသေးတာ။ ဘာကြောင့်လဲဆိုတော့ ငါတို့ ဒီမိုကရေစီဖြစ်စဉ်ကြီးမှာ ငါတို့ မပါတော့ဘူးဆိုတာမျိုးမဟုတ်ဘူး။ အဲဒီ ဒီမိုကရေစီဖြစ်စဉ်ကြီးမှာ ငါတို့ ပါလို့ရတယ်ဆိုတဲ့ နိုင်ငံသားအခွင့်အရေး မသိသေးတဲ့သူတွေ အများကြီးပဲ။ ဆိုတဲ့အတွက်ကြောင့် ၂၀၁၅ တုန်းကတော့ လူတွေက တစ်နိုင်ငံလုံး အုံးအုံးကြွကြွမိုလို့သာ ဘာမှန်းမသိ ငါတို့ နိုင်ငံသားတာဝန်ဆိုတာ မသိဘူး မဲထည့်ရမယ်ဆိုတာပဲသိတယ်။ ဒါဟာ ငါတို့ရဲ့တာဝန် ငါတို့က ငါတို့ရဲ့ တာဝန်ခံမယ့်သူကို ရွေးရမယ်။ ငါတို့အတွက် အလုပ်လုပ်ပေးမယ့်သူကို ရွေးရမယ်ဆိုတာမျိုး သိလို့မဟုတ်ဘူးနော်။

အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည့်မျက်နှာလည်းပါမယ် သူများတွေမဲထည့်လို့ ထည့်ကြတယ်ဆိုတာလည်း ပါတယ်။ အဲဒါက ဆုတ်သွားတာမဟုတ်ဘူး ပါလာရကောင်းမှန်းကို မသိသေးတာ။

အဲတော့ ကျွန်မတို့ အစိုးရအနေနဲ့ ဒါ လုပ်သင့်ပါတယ်။ ပြီးတော့ CSO တွေ NGO တွေကိုလည်း အများကြီး မေတ္တာရပ်ခံချင်တယ်။

ကျွန်မတို့က နိုင်ငံသားတွေကို   နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံသားဆိုတဲ့ ဖြစ်တည်မှုကို သိအောင်လို့ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံသားတစ်ယောက် ဖြစ်တည်မှုဆိုတာကို သူတို့နားလည်အောင် ကျွန်မတို့တွေ ဝိုင်းပြီးတော့ လုပ်ဆောင်ဖို့ အများကြီး လိုအပ်ပါလိမ့်မယ်။ အဲဒီအခါကျမှသာ ငါတို့က ဒီလူကို မဲထည့်မယ် ဒီလူဟာ ငါတို့ကို တာဝန်ခံပေးမယ်။ ဆိုတော့ အခုက ကိုယ်လုုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ အတွေးက ကျွန်မတို့က နှစ် ၅၀ ကျော် ဝင်လာခဲ့တာ။ ဆိုတော့ ဆုတ်သွားတာ မဟုတ်သေးဘူး။ ပါလာရကောင်းမှန်း မသိသေးတဲ့အတွက်ကြောင့်မို့ ကျွန်မတို့ ပိုပြီးတော့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။

အပိုင်း (၁) ကိုအောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် http://www.mizzimaburmese.com/article/25169

အပိုင်း (၂) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်- http://www.mizzimaburmese.com/article/25212

အပိုင်း ( ၃ ) ကိုအောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/25315

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly