စိတ်မပူကြပါနဲ့ အားလုံးအေးဆေးပါဆိုတဲ့ မိုင်းမိုင်ဆိုင်း

စိတ်မပူကြပါနဲ့ အားလုံးအေးဆေးပါဆိုတဲ့ မိုင်းမိုင်ဆိုင်း

ရန်ကုန်၊ မတ် ၂၉ ။           ။ Myanmar Idol Season 2 ပြိုင်ပွဲဝင် တစ်ဦးဖြစ်သည့် မိုင်းမိုင်ဆိုင်းက မတ်လ ၂၈ ရက်တွင် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာ၌ Live လွှင့်တင်ပြီး ဖေ့ဘုတ်တွင် စကားပြန်မပြောနိုင်သည့် အတွက် ပရိသတ်များ စိတ်မကုန်ကြဖို့နှင့် အားတင်းထားပါတယ်။ အေးဆေးပါဟု ပြောကြားခဲ့သည်။

မိုင်းမိုင်ဆိုင်းမှ "စိတ်မကုန်ကြပါနဲ့ မိုင်းမိုင် လိုင်းပေါ်မှာ စကားတွေမပြောလို့။ အားတင်းထားပါတယ်။ အေးဆေးပါ။ မိုင်းမိုင် မတ်လ ၂၉ရက်နေ့ မြစ်ကြီးနား ပြန်မှာပါ။ ဒီနေ့ ပြန်မလို့ပဲ မပြန်ဖြစ်ဘူး။ ပရိသတ်တွေ Status တွေ တင်ထားတာတွေ့တယ်။ စာမပြန်ဖြစ်တာ နားလည်ပေးကြပါ။" ဟု ပြောခဲ့သည်။

ပြိုင်ပွဲဝင် မိုင်းမိုင်ဆိုင်းက မွေးရပ်မြေ မြစ်ကြီးနားသို့ မပြန်မီ ရန်ကုန်၌ အလုပ်ကိစ္စ တချို့ ဆောင်ရွက်နေသည့်အတွက် အွန်လိုင်းမတက်ဖြစ်တာကြောင့် ပရိသတ်နှင့်လည်း အပြန်အလှန် မပြောဆိုနိုင်ခြင်း ဖြစ်သည်။

မိုင်းမိုင်ဆိုင်း အနေဖြင့် ဒီနေရာထိ ရပ်တည်လာနိုင်ပြီး အောင်မြင်လာခြင်းသည် အားလုံး၏ အားပေးမှုကြောင့် ဖြစ်ပြီး ထိုအသီးအပွင့်တွေကို ၎င်းတစ်ယောက်တည်း၊ လူမျိုးတစ်ခုတည်း မခံစားပဲ ထိုအောင်မြင်မှုကို အကျိုးရှိစွာ အသုံးချပြီး အားလုံးနှင့် သက်ဆိုင်သည့် လုပ်ငန်းတွေ လုပ်သွားမည်ဟု ဆိုထားသည်။ ထို့အပြင် သူမနှင့်အတူ သူမကို ချစ်သည့်ခင်သည့်သူအားလုံး ပါဝင်ကြရန် ဖိတ်ခေါ်ချင်ပြီး သူမလုပ်ဆောင်နေသည့် အကြောင်းအရာကိုလည်း မကြာမီ ပရိတ်သတ်ကို ဖွင့်ပြောမည်ဟု ဆိုထားသည်။

မြစ်ကြီးနားသို့ ပြန်လည် ရောက်ရှိနေချိန်တွင်လည်း တေးသီချင်းများ စုစည်းထားမည်ဖြစ်ပြီး အားလုံး မျှော်လင့်ထားသည့်အတိုင်းဖြစ်အောင် ကြိုးစားသွားမည်ဟုဆိုသည်။

သင်္ကြန်ကာလတွင် မိုင်းမိုင်ဆိုင်းက MNTV မဏ္ဍပ်၌ သီဆိုဖျော်ဖြေရန် ရှိနေသည်။

ပြိုင်ပွဲဝင် မိုင်းမိုင်ဆိုင်းသည် Myanmar Idol Season 2 တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မတ်လ ၉ရက်တွင် Blues Songs များဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် ၅ဦးထဲမှ ၂ဦး ဖြစ်သည့် ဇင်ကြီး နှင့် မိုင်းမိုင်ဆိုင်း တို့မှ ပရိသတ်၏ မဲရရှိမှု အနည်းဆုံးဖြင့် Myanmar Idol မှ နှုတ်ဆက်ထွက်ခွာသွားရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly