ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေရွေးကောက်ပွဲ မဝင်တော့ပြည်ခိုင်ဖြိုးက ရန်ကုန်တိုင်းတွင် ၁၄၉ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေရွေးကောက်ပွဲ မဝင်တော့ပြည်ခိုင်ဖြိုးက ရန်ကုန်တိုင်းတွင် ၁၄၉ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဇူလိုင် ၂၉ ။       ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းတွင် ၁၄၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ရွေးကောက်ပွဲ မဝင်တော့ဟု ပါတီ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်း၏ ပါတီ အတွင်းရေးမှုးလည်းဖြစ်သူ ဦးသာဝင်းက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

‘ဦးမြင့်ဆွေရွေးကောက်ပွဲ မဝင်တော့ပါဘူး ‘ ဟု ၎င်းက ပြောသည်။ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ရန်ကုန်တိုင်းတွင် ပြည်သူ့လွှတ်တော် အတွက် ၄၅ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် နေရာ ၉၀ နှင့် ကရင်နှင့် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာများ တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကာ ရန်ကုန်တိုင်း၏ မဲဆန္ဒနယ် အကုန်ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ကရင်နှင့် ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီးနေရာများတွင် ဦးစောအယ်ဘတ်နှင့် ဦးမောင်မောင်ကျော်တို့က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းအပြင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး ပါတီတွင် တပ်မတော်ဘက်မှ အငြိမ်းစား ယူထားသူများလည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ခြောက်ဦး ပါဝင်ယှဉ်ပြိုင်မည်ဟုလည်း ဦးသာဝင်းက ဆိုသည်။

ဇူလိုင် ၂၉ ရက်တွင် ရန်ကုန်တိုင်းအတွက် ကိုယ်စားလှယ်လောင်း လျာထားမှုများကို အသိအမှတ်ပြုပြီး ကိုယ့်နေရာနှင့်ကိုယ် တာဝန်ပေးအပ်ပြီး ဖြစ်သည်ဟုလည်း  ၎င်းကဆိုသည်။  ရန်ကုန်တိုင်းအတွက် ကိုယ်စားလှယ်လောင်း တင်သွင်းမှုများကိုမူ လာမည့် သြဂုတ် ၄ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တင်ရန် လျာထားသည်ဟုလည်း ၎င်းက ဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး မဲဆန္ဒနယ်၏ ၈၈၂ နေရာ အနိုင်ရရှိ ထားပြီး ၇၆ရာခိုင်နှုန်းရှိကာ အစိုးရအဖွဲ့ ဖွဲ့စည်းထားနိုင်သည့် ပါတီလည်းဖြစ် သည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly