တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်ရန်အတွက် ဂျပန်က ဖိလစ်ပိုင်ကို စစ်ထောက်လှမ်းရေးလေယာဉ်များ ငှားရမ်း

တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်ရန်အတွက် ဂျပန်က ဖိလစ်ပိုင်ကို စစ်ထောက်လှမ်းရေးလေယာဉ်များ ငှားရမ်း

တိုကျို၊ မတ် ၂၈ ။           ။ တရုတ်နိုင်ငံက ၎င်းပိုင် ပြုလုပ်၍ အငြင်းပွားမှုဖြစ်ပေါ်နေသော တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နိုင်ငံအတွက် ကင်းလှည့်တာဝန်ထမ်းဆောင်ရန် ဂျပန်နိုင်ငံက စစ်ထောက်လှမ်းရေးလေယာဉ်နှစ်စင်းအား မတ် ၂၇ ရက်နေ့တွင် မနီလာသို့ ပေးပို့ရောက်ရှိသည်။

ဂျပန်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နိုင်ငံက ကင်းလှည့်နိုင်ရေးအတွက် Beechcraft TC-19 စစ်လေယာဉ်ငါးစင်းအထိ ငှားရမ်းပေးပို့သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်းလိုရန်ဇာနာက ပြောသည်။

ယခုအသစ်ရောက်ရှိသည့် စစ်လေယာဉ်များကို တောင်တရုတ်ပင်လယ်တွင် ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အီဒါဒိုအန်နို့စ်က ပြောသည်။

ဂျပန်နိုင်ငံအနေဖြင့် အငြင်းပွားရေပြင်တွင် ၎င်းပိုင်ပြုလုပ်ကာ ငါတကော ကောလျက်ရှိနေသည့်  တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များကြောင့် စိုးရိမ်မှုများ တိုးပွားကာ ဖိလစ်ပိုင်နိုင်ငံနှင့် ကာကွယ်ရေးပူးပေါင်းမှု ပိုမိုမြှင့်တင်ရန် ကြိုးစားလာခြင်းလည်းဖြစ်သည်။

“တောင်တရုတ်ပင်လယ်အပါအဝင် အာရှပစိဖိတ်မှာ လုံခြံုရေးနဲ့ ဆိုင်တဲ့ ညပြဿနာကိစ္စရပ်တွေ ကျွန်တော်တို့ ရင်ဆိုင်နေရတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒေသတွင်း လုံခြံုရေးနဲ့ တည်ငြိမ်ရေးမှာ ဖိလစ်ပိုင်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ဆိုတာက အရေးကြီးပါတယ်။”ဟု ဂျပန်ဒုတိယကာကွယ်ရေးဝန်ကြီး ကင်ဂျီက လေယာဉ်များ လွှဲပြောင်းသည့် အခမ်းအနားတွင် ပြောခဲ့သည်။

အရှေ့တရုတ်ပင်လယ် ပိုင်ဆိုင်မှုနှင့် ပတ်သက်ကာ တရုတ်နှင့် အငြင်းပွားနေသည့် ဂျပန်နိုင်ငံသည် ဒေသတွင်း ၎င်း၏ ပြိုင်ဖက်တရုတ်နိုင်ငံအား ထိန်းချုပ်နိုင်ရေးအတွက် ဒေသတွင်းက အခြားသောနိုင်ငံများနှင့် ဆက်ဆံရေးကို ထူထောင်လျက်ရှိနေခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly