နျူကလီးယားလက်နက် တားဆီးထိန်းချုပ်ရေး ကုလဆွေးနွေးပွဲ အမေရိကန်အပါအဝင် နိုင်ငံကြီးအများစု မတက်ရောက်ဘဲ ကန့်ကွက်

နျူကလီးယားလက်နက် တားဆီးထိန်းချုပ်ရေး ကုလဆွေးနွေးပွဲ အမေရိကန်အပါအဝင် နိုင်ငံကြီးအများစု မတက်ရောက်ဘဲ ကန့်ကွက်

မတ် ၂၈ ။         ။ နျူကလီးယားလက်နက် ထိန်းချုပ်တားဆီးရေးဆိုင်ရာ စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ကုလသမဂ္ဂမှာ မတ်လ ၂၇ ရက်က အစည်းအဝေး ကျင်းပဆွေးနွေးခဲ့ကြရာမှာတော့ နိုင်ငံပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပေမယ့် အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံတွေ မတက်ရောက်ခဲ့ကြဘူးလို့ သိရပါတယ်။

အဆိုပါ ကိစ္စမှာ လက်တွေ့ဘဝနှင့် ကင်းကွာကာ စိတ်ကူးယဉ် သက်သက်သာ ဖြစ်နေသည်ဟုဆိုကာ အမေရိကန်ဦးဆောင်သော နိုင်ငံကြီးများအုပ်စုက ယင်းဆွေးနွေးပွဲတွင် မပါ၀င်ခဲ့ဘဲ ဘေးထွက်ထိုင်နေခဲ့ကြခြင်းလည်း ဖြစ်သည်။

ယင်းညီလာခံအစည်းအဝေး မစတင်ခင်ကမီ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟယ်လေက အဆိုပါ အဆိုပြုချက်နှင့်စပ်လျင်း၍ သဘောမတူ လက်မခံကြောင်း ဖွင့်ဟပြောဆိုထားခဲ့သည်။

" ကျွန်မတို့အတွက်ကတော့ ဒီလိုမျိုး နျူကလီးယားလက်နက် ကင်းစင်တဲ့ ကမ္ဘာကြီးကို ဘာနဲ့မှ မတူလောက်အောင် လိုချင်တာပေါ့၊ ဒါပေမယ့် ဒါက တကယ်တမ်းကျတော့ စိတ်ကူးယဉ် ဆန်လွန်အားကြီးပါတယ်၊ ခုချိန်မှာ မြောက်ကိုရီးယားကိုပဲ ကြည့်ပါ၊ သူတို့ နျူကလီးယားလက်နက် ပိတ်ပင်ချက်ကို သဘောတူလိုက်နာလိမ့်မယ်လို့ ပြောရင် ယုံမယ့်သူ ရှိပါ့မလား?" ဟု ဟယ်လေက ပြောသွားသည်။

ယခု နျူလက်နက်ထိန်းချုပ်ရေး ကုလဆွေးနွေးပွဲသို့ အမေရိကန်နှင့်အတူ ဗြိတိန်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ တူရကီ တို့အပြင် ဥရောပအရှေ့ခြမ်းမှ နိုင်ငံအများအပြား တက်ရောက်ခဲ့ခြင်း မရှိပေ။ ဆွေးနွေးပွဲကို မတက်ရောက်သူ နိုင်ငံပေါင်း ၄၀ နီးပါး ရှိမည်ဟုလည်း သိရသည်။

တစ်ဘက်တွင်မူ အစည်းအဝေး တက်ရောက်ကာ ယခုကိစ္စဖြစ်မြောက်ရေး ကြိုးပမ်းအားထုတ်ခဲ့သူများထဲတွင် သြစတြီးယား၊ အိုင်ယာလန်၊ မက္ကဆီကို၊ ဘရာဇီး၊ တောင်အာဖရိက၊ ဆွီဒင်တို့ ဦးဆောင်ပါ၀င်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags