ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အိန္ဒိယအသင်းက ပိုမြင့်မားပေမယ့် အနိုင်ရရှိရန် အခွင့်အရေးရှိ - မြန်မာအသင်းနည်းပြချုပ်

ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အိန္ဒိယအသင်းက ပိုမြင့်မားပေမယ့် အနိုင်ရရှိရန် အခွင့်အရေးရှိ - မြန်မာအသင်းနည်းပြချုပ်
(ဓာတ်ပုံ - MFF)

မြန်မာအသင်းနည်းပြချုပ် ဂတ်ဇီဆီက ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အိန္ဒိယအသင်းက ပိုမြင့်မားနေပေမယ့် မြန်မာအသင်းအနေနဲ့ အနိုင်ရရှိရန် အခွင့်အရေးရှိနေတယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"အိန္ဒိယအသင်းက စာရွက်ပေါ်မှာ ကျွန်တော်တို့ ထက်ပိုကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း သူတို့ကို အနိုင်ရဖို့ ကောင်းကောင်းလုပ်နိုင်ပါတယ်။ ကမ္ဘောဒီးယားနဲ့ ပွဲကိုလည်း ကြည့်ခဲ့ရပါတယ်။ အိန္ဒိယအသင်းက တည်ကန်ဘောတွေ ကစားတာကောင်းပေမယ့် သူတို့ကို တားဆီးဖို့ နည်းလည်းရှိပါတယ်။ အရေးကြီးတာက အာရုံစူးစိုက်ပြီး ကစားဖို့လိုပါတယ်။ ပွဲတိုင်းကို ဗိုလ်လုပွဲလို ကစားသွားမှာပါ။"လို့ မြန်မာအသင်းနည်းပြချုပ် ဂတ်ဇီဆီက ပြောပါတယ်။

မြန်မာအသင်းနဲ့ ပတ်သက်လို့ အိန္ဒိယ လက်ရွေးစင်အသင်း စတီဖင်ကွန်စတင်က "မြန်မာအသင်းဟာ ပြင်းပြင်းထန်းထန်ကစားတတ်ပြီး အရမ်းကောင်းတဲ့ အသင်းတစ်သင်းပါ။ ဒီပွဲဟာ ကျွန်တော်တို့ အတွက် ခက်ခဲမယ့် ပြိုင်ပွဲတစ်ပွဲ ဖြစ်လာမယ်ဆိုတာကို မျှော်လင့်ပြီးသားပါ။ မြန်မာအသင်းနဲ့ ပွဲဟာ အရမ်းအရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။"လို့ ပြောပါတယ်။

မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော်ကလည်း"ကျွန်တော်တို့ ကိုယ့်မြေမှာ အိန္ဒိယအသင်းကို မရှုံးဘူးသေးဘူး။ ကျွန်တော်တို့ အသင်းလိုက်ကစားပုံကလည်း အားရကျေနပ်စရာ ကောင်းတယ်။ ကျွန်တော်တို့ အသင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ခြေစစ်ပွဲကို အောင်မြင်အောင်ကစားပြီး ယူအေအီးကို ရောက်အောင်သွားမှာပါ။"လို့ ပြောဆိုသွားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ယနေ့ မတ်လ ၂၈ ရက် ညနေ ၆ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲ အုပ်စုပထမပွဲအဖြစ် အိန္ဒိယအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly