လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိရေး ဘာသာပေါင်းစုံ အကြီးအကဲများ တွေ့ဆုံဆွေးနွေး

လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိရေး ဘာသာပေါင်းစုံ အကြီးအကဲများ တွေ့ဆုံဆွေးနွေး

ပုသိမ်၊ မတ် ၂၇ ။   ။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြောင်းမြကျောင်းတိုက်တွင် ဘာသာကြီး ၄ခုမှ အကြီးအကဲများ စုပေါင်းတွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲကို နဝမမြောက် ဗန်းမော်ဆရာတော် ဒေါက်တာအရှင်ကုမရဘိဝံသ အပါအဝင် ဘာသာပေါင်းစုံမှ အကြီးအကဲများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

"ကြမ်းကြမ်းတမ်းတမ်းမပြုမူကြဖို့ ၊ တစ်ဦးနဲ့တစ်ဦး မေတ္တာ ဂရုဏာထားပြီး ဘာသာကြီး၅ခု ညီညီညွတ်ညွတ်နေကြဖို့ တိုင်းနာယက၊ မြို့နယ်နာယကတွေကို ညွှန်ကြားထားပါတယ်။ ဘာသာခြားတွေ သတ်ကြဖြတ်ကြလည်း ကိုယ့်တိုင်းပြည် ကိုယ်လူမျိုးပဲနစ်နာမှာ၊ အဲ့တော့ တိုင်းပြည်အတွက် အားလုံးညီညီညွတ်ညွတ်ကြိုးစားကြပါ" ဟု နဝမမြောက်ဗန်းမော်ဆရာတော် ဒေါတ်တာအရှင်ကုမရဘိဝံသ က မိန့်ကြားသည်။

ထိုတွေ့ဆုံပွဲတွင် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ ဘာသာရေး ပဋိပက္ခများဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ခြင်း နှင့် ဘာသာခြားများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာနေထိုင်ခြင်း စသည့်အချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

"ကျွန်တော်တို့ တစ်တိုင်းလုံးမှာ ဘာသာရေးနဲ့ပတ်သတ်တဲ့ပြဿနာတွေမရှိဘူး။ အားလုံးအဆင်ပြေတယ်၊ ပုသိမ်မြို့ပေါ်မှာလည်း အဆင်ပြေတယ်။ ရံဖန်ရံခါပေါ့ အသေးအဖွဲကိစ္စလေးတွေ ရှိတယ်။ ဒါလည်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေ ညှိနှိုင်းချက်အပေါ်မှာ တစ်စုံတစ်ရာ ကြီးကြီးမားမားမရှိခဲ့ဘူး" ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာမူစလင်လူငယ်များ ဘာသာရေးအဖွဲ့ဥက္ကဌ ဦးကျော်လွင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly