ယူကရိန်းအရှေ့ပိုင်းတွင် စစ်ဘက် ရဟတ်ယာဉ် ပျက်ကျ၍ ငါးဦး သေဆုံး

ယူကရိန်းအရှေ့ပိုင်းတွင် စစ်ဘက် ရဟတ်ယာဉ် ပျက်ကျ၍ ငါးဦး သေဆုံး

မတ် ၂၇ ။              ။ ယူကရိန်းစစ်တပ်မှ ရဟတ်ယာဉ်တစ်စင်း ယမန်နေ့ မတ်လ ၂၆ ရက်က နိုင်ငံအရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့ရာ လိုက်ပါသွားသူ ငါးဦးစလုံး သေဆုံးခဲ့ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရဟတ်ယာဉ်မှာ ဓါတ်အားလိုင်းတစ်ခုနှင့် ၀င်တိုက်မိကာ ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ယူကရိန်းစစ်တပ်က ထုတ်ပြန်ထားသည်။

" ဒီ ဖြစ်ရပ်ဆိုးမှာ ရဟတ်ယာဉ်ပေါ်ပါ ငါးဦးစလုံး သေဆုံးသွားခဲ့ပါတယ်၊ ရဟတ်ယာဉ်အမှုထမ်း သုံးဦးနဲ့ ခရီးသည် နှစ်ဦးတို့ပါ" ဟု ယူကရိန်း စစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် အိုလက်ဆန်ဒါ မော့တူဇီအန်က ပြောသည်။

နိုင်ငံ၏ ဒိုနက်စ် ဒေသတွင်းရှိ အစိုးရ ထိန်းချုပ်ထားရာ မြို့ ကရာမက်တော့ခ်မြို့၏ တောင်ဘက် ကီလိုမီတာ ၄၀ အကွာ မယ်လ်နစ်ဗ်ကာ ကျေးရွာအနီး ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဒိုနက်စ်ဒေသမှာ ရုရှလိုလားသောခွဲထွက်ရေးသမားများနှင့်အကြား တိုက်ပွဲများ ဖြစ်ထားခဲ့ရာ ဒေသတစ်ခုလည်း ဖြစ်သည်။

ရဟတ်ယာဉ်ပျက်ကျရခြင်းမှာ ဓါတ်အားလိုင်းနှင့်တိုက်မိ၍ ပျက်ကျသွားသည်ဟု ကနဦးကောက်ချက်ချထားသော်လည်း အသေးစိတ်အကြောင်းရင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရဦးမည်ဖြစ်ကြောင်း မော့တူဇီအန်က ပြောသည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ရုရှလိုလားသော ခွဲထွက်ရေးသမားများ၏ ဆန့်ကျင်ပုန်ကန်မှုဖြစ်ပွားပြီးချိန်ကတည်းက တိုုက်ပွဲများအတွင်း လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly