ကားငှားသူ ခရီးသည်က မော်တော်ယာဉ်လုယက်မှု ဖြစ်ပွား

ကားငှားသူ ခရီးသည်က မော်တော်ယာဉ်လုယက်မှု ဖြစ်ပွား
ဓာတ်ပုံ-Yangon Police

ရန်ကုန်၊ မတ် ၂၆ ။             ။ ကားငှားရာမှ ခရီးသည်က မော်တော်ယာဉ် လုယက်မှုတစ်ခု မတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့ပြီး နေ့ချင်းဖမ်းဆီးနိုင်ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။  

ဖြစ်စဉ်မှာ မတ်လ ၂၆ ရက်နေ့ ၊ မနက် ၅ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ ဦး ----- သည် ၎င်းပိုင် 4H-----ပရိုဘောက် အငှားယာဉ်ဖြင့် ပဲခူးလမ်းအတိုင်း မောင်းနှင်လာစဉ် ၎င်းလမ်းပေါ်၌ပင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါ၀င်သောအဖွဲ့မှ ငွေကျပ် ၆၀၀၀ ဖြင့် ငှားရမ်း၍ လိုက်ပါပို့ဆောင်ပေးခဲ့ရာ ရခိုင်ရိုးလေးကျေးရွာသို့ ပို့ဆောင်ခဲ့သည်။

ထိုမှ အနောက်ပိုင်းတက္ကသိုလ်၊ ထိန်နှစ်ပင်ကျေးရွာသို့ဝင်ရောက်ရန် ပြောသဖြင့် လိုက်ပို့ပေးခဲ့ရာ  ရွာအလွန်လူရှင်းသောနေရာအရောက်၌ နောက်ခန်းတွင်ထိုင်၍လိုက်ပါလာသူ အမျိုးသားမှ ယာဉ်မောင်းသူ၏ လည်ပင်းအား လွယ်အိတ်ကြိုးဖြင့်ရစ်သိုင်းချည်နှောင်ပြီး ယာဉ်ပေါ်မှဆွဲချကာ ၀ိုင်းဝန်းထိုးကြိတ်၍ မော်တော်ယာဉ်ကို မောင်းနှင်ယူဆောင်ထွက်ပြေးသွား ကြောင်း သိရသည်။

ယာဉ်မောင်းမှာ ထိုးကြိတ်ခံရသဖြင့် အပေါ်သွား ၃ ချောင်းကျိုးပြီး ၀ဲ/ယာ မျက်လုံးတွင် ဖူးရောင်ဒဏ်ရာများရရှိခဲ့သည်။

တိုင်တန်းချက်အရ ထန်းတပင် မြို့မရဲစခန်း(ပ) ၁၀၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်ခဲ့သည်။

အဆိုပါနေ့ နေ့လည် ၁ နာရီတွင်တွင် ကျိုက်ထိုမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မှ အမှုမှပါဆုံးမော်တော်ယာဉ်နှင့်အတူ ပြစ်မှုကျူးလွန်သူများဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ်နေ အောင်ဟိန်း၊ လှိုင်သာယာမြို့နယ်နေသူများဖြစ်ကြသည့် နေမျိုးလွင်၊ မရွှေစင်ဖြိုးတို့ ၃ဦးအား ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင်ပါ၀င်ပြီး လွတ်မြောက်နေသူ မဲလုံးအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly