ကျောက်ထုတ်ကုမ္ပဏီများကို အကန့်အသတ်မရှိပိတ်လိုက်၍ လက်ပံတောင်းသပိတ်ပိတ်သိမ်း

ကျောက်ထုတ်ကုမ္ပဏီများကို အကန့်အသတ်မရှိပိတ်လိုက်၍ လက်ပံတောင်းသပိတ်ပိတ်သိမ်း

မုံရွာ၊ မတ် ၂၆ ။             ။ မုံရွာ-ပုသိမ်လမ်းဘေး၊ မိုးကြိုးပြင်အလယ်ရွာထိပ်တွင် လက်ပံတောင်းဒေသခံများက မတ်လ ၂၅ရက် ညနေ ၅နာရီမှ စပြီး သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ပြီး မတ်လ ၂၆ရက် ညနေတွင် ညှိနှိုင်းအဆင်ပြေ၍ သပိတ်စခန်းကို ပိတ်သိမ်းလိုက်ပြီဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသ မိုးကြိုပြင်ကျေးရွာဒေသခံများက ပုသိမ်-မုံရွာလမ်းပေါ်ဖြတ်သန်းသွားသည့် ဝမ်ပေါင်ကုမ္ပဏီက ကျောက်သည်ယာဉ်များကို တားဆီးခဲ့ခြင်းကြောင့် မတ်လ ၂၄ရက်တွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ကာ ဖြိုခွင်းခဲ့သည်။ ယင်းလုပ်ရပ်ကို ကန့်ကွက်ကာ ဒေသခံများက အချက် (၅)ချက်တောင်းဆိုကာ သပိတ်စခန်းဖွင့်ခဲ့ခြင်းလည်းဖြစ်သည်။

ဒေသခံများတောင်းဆိုသည့် အချက်များအနက် ပုသိမ်-မုံရွာလမ်းမပေါ်သို့ဖြတ်သန်းသွားနေသည့် ကျောက်သည်ယာဉ်များကို ဖြတ်သန်းခွင့်မပြုခြင်းနှင့် ကျောက်ထုတ်လုပ်နေသည့် ကုမ္ပဏီများကို အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်သည်ဟု ဆားလင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက အကြောင်းကြားစာကို ယနေ့ ညနေ ၄ နာရီက ဒေသခံများထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါအကြောင်းကြားစာကို ဆားလင်းကြီးမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က လာရောက်ပေးခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ကတော့ ပြည်သူဖြစ်နေတဲ့ အခက်အခဲကိုသိတယ်။ အဲဒီကျောက်ကားတွေကြောင့် လမ်းတွေပျက်တယ်။ ဒေသခံတွေ ထိခိုက်မှုရှိတယ်။ ဒါကြောင့် အခုလို ပိတ်သိမ်းတာပါ။"ဟု ဒေါက်တာသိန်းနိုင်ကပြောသည်။

မိုးကြိုးပြင်မြောက်ရွာဒေသခံ မဇာခြည်လင်းက "သပိတ်စခန်းကတော့ သိမ်းပေးလိုက်တယ်။ ဒါပေမယ့် ကျောက်ကားတွေဖြတ်မဖြတ်ကတော့ စောင့်ကြည့်နေမယ်။"ဟု ပြောသည်။

သပိတ်စခန်းကို ယာယီသာ ပိတ်သိမ်းခြင်းဖြစ်ပြီး တောင်ဆိုမှုများဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို လိုအပ်ပါက သပိတ်စခန်းပြန်လည်ဖွင့်သွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

သပိတ်စခန်းတွင် ဒေသခံများ တောင်းဆိုသည့် အချက်များမှာ သီးနှံနစ်နာကြေးရရှိရေး၊ ကျောက်သယ်ကားများမုံရွာ-ပုသိမ်လမ်းမပေါ်တွင် မမောင်းနှင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်၏ အစီရင်ခံစာအား မလိုက်နာသော ဝမ်ပေါင်းကုမ္ပဏီအား ဖျက်သိမ်းရေး၊ ဒေါ်ခင်ဝင်း အမှုအမှန် အမြန်ဆုံးဖော်ထုတ်ပေးရေးနှင့် အကြမ်းဖက်ဖြိုခွင်းသည့် ရဲတပ်ဖွဲ့ဝင်များအားအရေးယူပေးရေးတို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly