သူငယ်တော်-ကတဲ-ပနံ-ပန်းခွာ ဂျင်းကျောက်လမ်း နှင့် ပန်းလောင်မြစ် နှင့် ပန်းလောင်မြစ်ကူးတံတားသစ် ဖွင့်လှစ်

သူငယ်တော်-ကတဲ-ပနံ-ပန်းခွာ ဂျင်းကျောက်လမ်း နှင့် ပန်းလောင်မြစ် နှင့် ပန်းလောင်မြစ်ကူးတံတားသစ် ဖွင့်လှစ်
(ဓာတ်ပုံ-ဘိုဘို)

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် သူငယ်တော်-ကတဲ-ပနံ-ပန်းခွာ ဂျင်းကျောက်လမ်း နှင့် ပန်းလောင်မြစ်ကူးတံတားသစ် ဖွင့်လှစ်ပွဲကို ၂၀၁၇ခုနှစ် မတ်လ ၂၆ရက် နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် ပနံကျေးရွာ ပန်းလောင်မြစ်ကူးတံတားအနီးတွင် ကျင်းပခဲ့သည်။

''မြို့နယ်ချင်းဆက်လမ်း၊ ခရိုင်ချင်းဆက်လမ်းတွေက မြို့တစ်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့ အရေးပါတယ်။ လမ်းတံတား၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်းမြောင်းကဏ္ဍ၊ ရေတွင်းရေကန်တူးပေးခြင်း စတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးနေပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှုလျော့ချရေးအတွက် ရည်ရွယ်ပြီးတော့ အခွန်ကရတဲ့ငွေထဲက ကျပ်သန်းပေါင်း (၁၄၀၀၀)ကျော်အသုံးပြုပေးခဲ့ပါတယ်။ ဒီလိုလုပ်ပေးရတာကို ကျေနပ်ပါတယ်။ ဒါပေမယ့် အားရလားဆိုတော့ အားမရသေးပါဘူး။ နောက်နှစ် ဒီထက်တိုးပြီး ဆောင်ရွက်ပေးနိုင်ဖို့ စီမံချက်တွေချပြီး ဆောင်ရွက်နေပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ပန်းလောင်မြစ်ကူးတံတားသည် လွန်ခဲ့သော နှစ်ပေါင်း(၂၀)ကျော်က ကျေးရွာပြည်သူများ ကိုယ်အားကိုယ်ကိုးပြီး တည်ဆောက်ခဲ့သော သစ်သားတံတားတစ်ခုဖြစ်ပြီး နှစ်စဉ် အဆင့်မြှင့်တင်မှုများ   ဆောင်ရွက်ခဲ့သော်လည်း နှစ်ကာလ ကြာမြင့်လာသည့်နှင့်အမျှ သစ်သားများ ဆွေးမြေ့၍ ယာဉ်များဖြတ်သန်းရန် အခက်အခဲဖြစ်သည့်ထိ ပျက်စီးခဲ့ရာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိခဲ့သည်။

''ယာဉ်ဖြတ်သန်းသွားလာဖို့ အခက်အခဲဖြစ်တဲ့အထိ ဖြစ်လာတဲ့အတွက် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ခွင့်ပြုမိန့်တင်ပြီး အသစ်ပြန်လည်တည်ဆောက်ပေးတာဖြစ်ပါတယ်။ တံတားတည်ဆောက်နေချိန် (၆)မိုင် (၇)ဖာလုံရှိတဲ့ သူငယ်တော်-ကတဲ-ပနံ-ပန်းခွာလမ်းကို ဂျင်းလမ်းခင်းခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးခဲ့ပါတယ် '' ဟု ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးစိုးမြင့်က ပြောသည်။.

ပန်းလောင်မြစ်ကူးတံတားအနီးရှိ ကျေးရွာ(၇)ရွာ အိမ်ခြေ(၁၆၀၀)ကျော်သည် နှစ်စဉ် ပန်းလောင်မြစ်ရေတိုးချိန် သွားလာရအခက်အခဲ ကြံုတွေ့နေရခြင်းကြောင့်   ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ခွင့်ပြုမိန့်တင်၍ (၂၀၁၆)ခုနှစ် မေလမှစတင်၍ တည်ဆောက်ခဲ့ရာ (၂၀၁၇)ခုနှစ် မတ်လတတိယအပတ်တွင် အပြီးတည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

ပန်းလောင်မြစ်ကူး ကွန်ကရစ်တံတားသည် အရှည်ပေ (၁၆၀)၊ယာဉ်သွားလမ်းအကျယ် (၁၄)ပေ၊အမြင့် (၁၀)ပေ ရှိပြီး တံတားတည်ဆောက်မှု ကုန်ကျငွေ (၁၈၃)သန်းကျော် အသုံးပြုတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး  သူငယ်တော်-ကတဲ-ပနံ-ပန်းခွာ ဂျင်းကျောက်လမ်းအတွက် ကုန်ကျငွေ (၇၅.၈၇၅)သန်းကျော် အသုံးပြုတည်ဆောက်ခဲ့ကြောင်း သိရသည်။

ပန်းလောင်မြစ်ကူးတံတားဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး နှင့် ဝန်ကြီးများ၊အစိုးရအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမင်းဟန်၊ နယ်မြေတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly