ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်ယောက်မကျန် မဲထွက်ပေးကြပါဟု NLD နာယက ဦးတင်ဦး တိုက်တွန်း

ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်ယောက်မကျန် မဲထွက်ပေးကြပါဟု NLD နာယက ဦးတင်ဦး တိုက်တွန်း

မုံရွာ၊ မတ် ၂၆ရက် ။            ။ လာမည့် ၂၀၁၇ ဧပြီလ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း မဲပေးပါဟု NLD ၏ နာယက သူရဦးတင်ဦးက ယနေ့ မတ်လ ၂၆ရက်က မုံရွာမြို့၊ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ တိုက်တွန်းပြောကြားလိုက်သည်။

"အခုကြားဖြတ်ရွေးကောက်ပွဲမှာ တစ်ယောက်မကျန်ထွက်ပြီး မဲထည့်ကြပါ။ မဲကို တစ်ယောက်မကျန်ပြည့်ပြည့်စုံစုံမဲပေးကြပါ"ဟု သူရဦးတင်ဦးကပြောသည်။

ဆက်လက်၍ သူရဦးတင်ဦးက "ပထမဦးဆုံးကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တုန်းက ကြွေးကြော်သံတွေရှိခဲ့တယ်။ ၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးမှာလည်း တိုင်းရင်းသားအားလုံး အချင်းချင်း စည်းလုံးညီညွတ်ရေးအပေါ်မှာ အပြန်အလှန်ယုံကြည်မှု မရှိတဲ့ကာလပတ်လုံး ဘယ်လိုနည်းနဲ့မှ တိုင်းပြည်တိုးတက်မှာ မဟုတ်ပါဘူး။" ဟုပြောသည်။

ဆက်လက်၍ သူရဦးတင်ဦးက ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်နိုင်ရေးနှင့် ပတ်သက်ပြီး "ငြိမ်းချမ်ရေးအကောင်အထည်ဖေါ်လုပ်ဆောင်နေရာတွင် စိန်ခေါ်မှုများစွာရှိနေပြီး အပစ်အခတ်လုံးဝမရှိရန်နှင့် အပစ်အခတ်ရှိနေလျှင် ငြိမ်းချမ်းရေးပြောနေခြင်းက အဓိပ္ပါယ်မရှိကြောင်း၊ လိုအပ်သည့် အချက်အလက်များဖြည့်ဆည်းနိုင်အောင်နှင့် အကြောင်းအရင်းကိုသိရှိလေ့လာရန်အတွက် အဖွဲ့အစည်းအားလုံး ပါဝင်နိုင် အောင်ဆောင်ရွက်နေကြောင်း" ထည့်သွင်း ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မုံရွာမြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း လစ်လပ်နေရာတွင် ပါတီ ၅က ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးညွန့်အောင်က ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly