နှစ်စဉ်ဆက်တိုက် သင်္ကြန်နှစ်သစ်ကူးပိတ်ရက် ၁၀ ရက်ရရှိရေး၊ အလုပ်သမားများ ဆန္ဒထုတ်ဖော်

နှစ်စဉ်ဆက်တိုက် သင်္ကြန်နှစ်သစ်ကူးပိတ်ရက် ၁၀ ရက်ရရှိရေး၊ အလုပ်သမားများ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မတ်   ၂၆ ။            ။ နှစ်စဉ်ဆက်တိုက် သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် ၁၀ ရက်ရရှိရေးအပါအဝင် အချက်များ တောင်းဆို၍ မတ်လ ၂၆ရက် နံနက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် အလုပ်သမားများ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် မြို့ပြတွင်လုပ်ကိုင်နေသည့် ကျေးလက်ဒေသက အလုပ်သမားများ သင်္ကြန်ပိတ်ရက်များ၌ မိသားစုနှင့်ပြန်လည်တွေ့ဆုံနိုင်ရေးတို့အတွက် နှစ်စဉ် သင်္ကြန်နှစ်သစ်ကူးပိတ်ရက် ၁၀ရက် ရရှိရေး၊ အလုပ်သမားများနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်နှင့် ဆွေးနွေးညှိနှိုင်းရေးစသည့် အချက်များကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သင်္ကြန်ပိတ်ရက်များ ဆုံးဖြတ်ချက်ချရာတွင် အလုပ်သမားများဘက်က ပါဝင်ဆွေးနွေးရတာမျိုးမရှိဘူးဟု ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ကိုဇင်မင်းဝင်းက ဆိုသည်။

"အခုအနေအထားမှာ ဘာလို့ ၅ ရက်သတ်မှတ်လဲဆိုတော့ ဒါကတော့ လုပ်ငန်းရှင်တွေနဲ့ အစိုးရနဲ့ပဲလုပ်တယ်လို့ ယူဆရတာပေါ့။ ဆိုလိုတာက ၃ပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းတာမျိုးမရှိဘူးလေ။ ဒီနှစ်မှာ စက်ရုံတွေက အလုပ်သမားတွေက သင်္ကြန်ပိတ်ရက် ၅ ရက်နဲ့မလုံလောက်ဘူးလေ။ နှစ်စဉ်နှစ်တိုင်း ပိတ်ပေးဖို့ တောင်းဆိုတယ်။" ဟု ကိုဇင်မင်းဝင်းက မဇ္ဈိမကိုပြောသည်။

သင်္ကြန်နှစ်သစ်ကူးပိတ်ရက် ၁၀ ရက်ထားရှိရေး လုပ်သမားရေးရာကိစ္စရပ်တွေမှာ အလုပ်သမားအဖွဲ့ချုပ်က ပါဝင်ရေးဆွဲနိုင်ရေးအပါအဝင် အလုပ်သမားမူဝါဒတွေကို အလုပ်သမားတွေ ပါဝင်ရေးဆွဲနိုင်ရေးများကို အလုပ်သမားများက တောင်းဆိုခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်ခဲ့ပြီး၊  ရန်ကုန်တိုင်းအတွင်းရှိ အလုပ်သမားသမဂ္ဂများ၊ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ အင်အား ၁၀၀၀ ဝန်းကျင် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly