ဘင်္ဂလားဒေ့ရှ်ကွန်မင်ဒိုများ အစ္စလာမ်မစ်တို့ ပုန်းခိုရာနေရာသို့ စီးနင်းရာ၌ ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် ၄ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်ကွန်မင်ဒိုများ အစ္စလာမ်မစ်တို့ ပုန်းခိုရာနေရာသို့ စီးနင်းရာ၌ ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် ၄ဦးသေဆုံး

မတ် ၂၆ ။            ။ အစ္စလာမ်မစ် စစ်သွေးကြွများ ပုန်းခိုရာနေရာဖြစ်သော ငါးထပ်တိုက် အဆောက်အဦးတစ်ခုအား ဘင်္ဂလားဒေ့ရှ် ကွန်မင်ဒိုများ ၀င်ရောက်စီးနင်းနေစဉ်တွင် ထိုစစ်ဆင်ရေးအား ကြည့်ရှုနေခဲ့သော ရာနှင့်ချီသည့် ပြည်သူများနှင့် ရဲသားများကို ပစ်မှတ်ထားတိုက်ခိုက်သည့် အင်အားပြင်းထန်သော ပေါက်ကွဲမှုတစ်ခုသည် အဆောက်အဦးနှင့် ပေ ၄၀၀ အကွာတွင် ဖြစ်ပွားခဲ့ကြောင်း ရဲများကပြောခဲ့သည်။

အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့က ထိုဖောက်ခွဲတိုက်ခိုက်မှုကို သူတို့ကျူးလွန်ကြောင်း ၄င်းတို့အဖွဲ့၏ ၀ါဒ ဖြန့် သတင်းဌာန အေမက်မှတဆင့် ကြေညာခဲ့ပြီး ယင်းပေါက်ကွဲမှုအတွင်း ရဲသားများအပါအဝင် အနည်းဆုံး လူပေါင်း ၄ ဦးခန့် သေဆုံးခဲ့ကြောင်း ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဇီဒန်အယ်လ်မူဆာက ပြောခဲ့သည်။

ဒါ့အပြင် အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဒါဇင်နှင့်ချီသော ရဲသားများ၊ လုံခြံုရေးအရာရှိများ အပါအဝင် လူပေါင်း ၄၂ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

“ဒဏ်ရာရသူအချို့ရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်” ဟု ဆေးလ်ဟတ်ဆေးကောလိပ် ဆေးရုံမှ အရေးပေါ် ဆရာဝန်တစ်ဦးဖြစ်သူ အက်တီကွယ်အစ္စလာမ်က ပြောခဲ့သည်။

မူဆာက ရဲတပ်ဖွဲ့သည် မကြာသေးခင် နှစ်များအတွင်း ဖောက်ခွဲတိုက်ခိုက်မှု အများအပြားကို ကျူးလွန်ခဲ့သော ပြည်တွင်းရှိအစွန်းရောက်အဖွဲ့ JMB တို့ကို အဓိကအားဖြင့် သံသယရှိကြောင်း ပြောခဲ့သည်။ သို့သော်လည်း ရဲတပ်ဖွဲ့သည် ယင်းဖောက်ခွဲမှုအား အသေခံဖောက်ခွဲမှု ဟုတ်မဟုတ်ဆိုတာကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ “ပေါက်ကွဲမှုဟာ လျှပ်စစ်မီးပြတ်တောက်ပြီး မှောင်နေတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာပါ” ဟု မူဆာက ပြောခဲ့သည်။

အစ္စလာမ်မစ် စစ်သွေးကြွများက ၄င်းတို့ပုန်းခိုရာ အဆောက်အဦး၏ မြေညီထပ်တွင် အရပ်သား ရ၈ ဦးအား ဓားစံခံအဖြစ် ဖမ်းဆီးထားမှုကို ကွန်မင်ဒိုများက ၀င်ရောက်ကယ်ဆယ်ပြီး နာရီအနည်းငယ် အကြာခန့်တွင် ယင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly