ကော့မှူးသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြိုင်ဆိုင်မှုပြင်းထန်သည့် မဲဆန္ဒနယ်ဖြစ်လာနိုင်

ကော့မှူးသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြိုင်ဆိုင်မှုပြင်းထန်သည့် မဲဆန္ဒနယ်ဖြစ်လာနိုင်

ကော့မှူး၊ မတ် ၂၅ ။              ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မှု အပြင်းထန်ဆုံးမဲ ဆန္ဒနယ်တစ်ခုဟု တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ထွန်းက ပြောဆိုလိုက်သည်။

“ မြန်မာတစ်နိုင်ငံလုံးကြားဖြတ်ရွေးကောက်ပွဲ ၁၉ နေရာ မှာအပြင်းထန်ဆုံး အပိုင်း ၃ပိုင်းရှိတယ်။ ဒီမှာ ပထမက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့နေရာလည်းဖြစ်တယ်။ နောက်တစ်ချက်က လွတ်တော်အမတ်တွေ အများဆုံးဝင်ပြိုင်တဲ့ ၉ယောက်ပေါ့နော် ။ တခြားနေရာဆို ၈ယောက်က အများဆုံး ။ အခုက ၉ ယောက်လည်း ဖြစ်တယ်ပေါ့နော် ။ နောက်တစ်ချက်က ဒီမှာပဲ ရန်ကုန်တိုင်းတစ်တိုင်းလုံးရဲ့ အဆင်းရဲဆုံးမြို့နယ်တစ်ခုလည်း ဖြစ်တယ် ”ဟု ၄င်းကပြောဆိုသည်။

ကော့မှူးမြို့နယ်တွင် ပြည့်သူ့လွတ်တော် တစ်နေရာအတွက် ရွေးကောက်ခံ လွှတ်တော်အမတ် ၉ ယောက် ရှိနေပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊  အင်အားကြီးပါတီဖြစ်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) အပါအဝင် ဒေသခံပါတီများ ၀င်ရောက်ယှဉ်ပြိုင်နေကြသည်။

အဆိုပါအင်အားကြီးပါတီများနှင့် ယှဉ်ပြိုင်ရသည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအတွက်လည်း စိန်ခေါ်မှုများရှိနေသည်။

“ ဝေဝါးနေတဲ့ပြည်သူတွေဟာ၊ ဝေဝါးနေတဲ့ မဲတွေဟာ ကိုယ့်ဆီကိုရောက်မလာနိုင်ဘူးလို့ ၄ လပိုင်း ၁ရက်နေ့ည မရောက်မချင်း ယတိပြတ်ဆုံးဖြတ်လို့မရပါဘူး၊ ဒါကြောင့် ကော့မှူးပွဲဟာ ပြင်းထန်ပါတယ်” ဟု ဦးဇော်ထွန်းကပြောဆိုသည်။

ကော့မှူးမြို့နယ်သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆက်တိုက် အနိုင်ရရှိထားသည့် မဲဆန္ဒနယ်တစ်ခုလည်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါါ်အောင်ဆန်းစုကြည်မှ အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါကလည်း အပြတ်အသတ်မဖြစ်ဘဲ မဲပျံ့သွားနိုင်သည်ဟု ဦးဇော်ထွန်းကဆိုသည်။

ကော့မှူးမြို့နယ်တွင်  အိမ်ထောင်စုပေါင်း ၃ သောင်းလောက် နှင့် မဲပေးခွင့်ရှိသူ ၉ သောင်းနီးပါးခန့် ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly