“ပစ္စည်းမဲ့ကမ္ဘာသို့ သူသွားခဲ့ပါပြီ”

“ပစ္စည်းမဲ့ကမ္ဘာသို့ သူသွားခဲ့ပါပြီ”
 

“ပစ္စည်းမဲ့ ကမ္ဘာသို့ သွားလိုကြသော ပစ္စည်းမဲ့များ အောင်မြင်ပါစေ” လို့ ကွန်မြူနစ်တွေရဲ့ ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အရာရှိတစ်ဦးရဲ့ နောက်ဆုံးနေဝင်ချိန်ဟာ လှပခမ်းနားခဲ့ခြင်းမရှိခဲ့ဘူးလို့ ပြောရမှာပါ။

ဗမာပြည်နိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေးမှာ အထင်ကရဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ မရှိတော့ပေမဲ့ ကွန်မြူနစ် တစ်ဦးအဖြစ် ကျောင်းသားဘဝကနေ သေသည်အထိ ခံယူခဲ့သူ ဦးမောင်မောင် (ခ) ဦးအောင်သာကျော်ကို ၁၉၃၃ ခုနှစ်၊  ကမ္ဘာစစ်အတွင်း စစ်တွေမြို့မှာ မွေးဖွားခဲ့ပါတယ်။

ပစ္စည်းမဲ့လူတန်းစားဝါဒီတွေရဲ့ ယုံကြည်ရာကို မစွန့်လွှတ်ခဲ့တဲ့ ဗကပ တပ်ဖွဲ့ဝင် ဦးမောင်မောင်ဟာ ကမ္ဘာစစ်ရဲ့ ခက်ထန်တဲ့ ဘဝဖြတ်သန်းမှုကို ကြုံတွေ့ခဲ့ရသူတစ်ဦး ဖြစ်သလို ၁၉၃၈ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်ထိ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ်ကနေ အတွင်းရေးမှူးအထိ တာဝန်တွေကို ယူခဲ့သူ ဖြစ်ပါတယ်။

ဗမာပြည်နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် စစ်တပ်က အာဏာသိမ်းမှုတွေနဲ့ ကြုံလာချိန် ၁၉၆၂-၆၄ ကျောင်းသား လှုပ်ရှားမှုတွေမှာ ဦးဆောင်ယင်း ၁၉၆၄ ခုနှစ်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီကို ဝင်ရောက်ခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ သူ ယုံကြည်တဲ့ ဗကပ ပါတီဝင်တွေက အစိုးရဆီမှာ လက်နက်ချပြီး အညံခံခဲ့ပေမဲ့ ခိုင်မြဲနေပြီး ဖြစ်တဲ့ ပစ္စည်းမဲ့ လူတန်းစားတွေရဲ့ အောင်မြင်မှုနေ့ရက်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ကျန်ရစ်ခဲ့ပါတယ်။

အဲဒီကနေတဆင့် ၂၀၀၄ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထိ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ရဲ့ အထွေထွေအတွင်းရေးမှူး အဖြစ် နှစ်ကြိမ်တိုင် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၁၄ ခုနှစ်ထိ ANC ရဲ့ ဂုဏ်ထူးဆောင်နာယကအဖြစ် အကြံပေးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ ANC ရဲ့ ကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ် မတ်လမှာ သူ့ရဲ့ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုတွေကို တာဝန်ကနေ အနားယူပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့က သူ့ကို ချစ်ခင်လေးစားရသူတစ်ဦးရဲ့ နေအိမ်မှာ မထင်မရှား ဇာတ်မြှုပ်နေခဲ့ရင်း ၃ နှစ်အကြာ ၂၀၁၇ မတ်လ ၂၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ရုပ်ဝါဒီနဲ့ ရှေးရိုးစွဲအယူအဆတွေကို မယုံကြည်သူ ဦးမောင်မောင် (ခ) ဦးအောင်သာကျော် သေဆုံးချိန်မှာ အသက် ၈၃ နှစ် ရှိခဲ့ပါပြီ။

လူငယ်တစ်ဦးရဲ့ လွတ်လပ်မှု၊ မျှော်လင့်ချက်၊ ဘဝအိပ်မက်တွေနဲ့ သာယာတဲ့ အိမ်ထောင်တစ်ခု၊ မိသားစုဘဝ စတဲ့ အချစ်၊ အလွမ်းတွေအစား ဗမာပြည်သူတစ်ရပ်လုံး အာမခံချက်ရှိတဲ့ နေ့ရက်အတွက်ပဲ ၈၃ နှစ်တိုင် သူ့အချိန်တွေကို ပေးဆပ်ခဲ့မှုက သူ သေဆုံးချိန်မှာ သူ့ကို လေးစားကြတဲ့ စစ်တွေက လူငယ်တစ်ချို့ပဲ သူ့ကို ဂါရဝအလေးပြုတာ ပြန်ရခဲ့ပါတယ်။

ခုတော့ ပစ္စည်းမဲ့ကမ္ဘာသို့ သူသွားခဲ့ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly