မိုက်ကယ်ဂျက်ဆင်၏ ဖခင်ဖြစ်သူ လေဖြတ်ဝေဒနာ ခံစားနေရ

မိုက်ကယ်ဂျက်ဆင်၏ ဖခင်ဖြစ်သူ လေဖြတ်ဝေဒနာ ခံစားနေရ

ကွယ်လွန်သွားပြီဖြစ်သော အမေရိကန် ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်၏ ဖခင်ဖြစ်သူ ဂျိုးဂျက်ဆင်သည် လေဖြတ်ဝေဒနာရောဂါ ခံစားနေရကြောင်း ဘရာဇီးဆေးရုံတစ်ရုံ ကပြောကြားသည်။

ဂျက်ဆင်သည် ဇူလိုင် ၂၆ ရက်နေ့လယ်က ဆေးရုံတက်ရောက်ခဲ့ကြောင်းနှင့် လက်ရှိအချိန် တွင် ၎င်းသည် အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုများ ခံယူလျက်ရှိကြောင်း ဘရာဇီးနိုင်ငံ ဆောင်ပေါ်လိုမြို့ရှိ အဲလ်ဘက် အိုင်းစတိုင်း ဆေးရုံက ပြောကြားသည်။

ဂျက်ဆင်သည် ပုံမှန်မဟုတ်သော နှလုံးခုန်မှုကို ခံစားနေရကြောင်း ဆေးရုံက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဂျက်ဆင်သည် ၎င်း၏ ၈၇ နှစ်မြောက် မွေးနေ့ပွဲကို ဆင်နွှဲရန်  ဘရာဇီးနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ဂျက်ဆင်သည် ဆေးရုံတွင် ကုသမှုခံယူနေရသောကြောင့် မွေးနေ့ပွဲပါတီကို တတ်ရောက်နိုင် ခဲ့ခြင်းမရှိကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ပြောကြားသည်။ ဂျက်ဆင်သည် ဆောင်ပေါ်လိုမြို့ရှိ စားသောက်ဆိုင်များတွင် ညစာစားနေသည့် ဓာတ်ပုံများကို ၎င်း၏ တရားဝင် ဝက်ဆိုက်ဘ်တွင် ဖော်ပြထားသည်။

ဂျက်ဆင်သည် ၁၉၆၀ ပြည့်လွန်နှစ်အစောပိုင်းက သားဖြစ်သူ မိုက်ကယ်ဂျက်ဆင်၏ တေးဂီတအဖွဲ့ကို စီမံခန့်ခွဲပေးခဲ့ကြောင်းနှင့် ၎င်း၏ သားအကြီးဆုံး သုံးယောက်ဖြစ်သော ဂျက်ကီ၊ တီတို၊ ဂျာမိန်းတို့နှင့် အတူ ပထမဆုံး အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် အငယ်ဆုံးသားများဖြစ်သော မာလွန်နှင့် မိုက်ကယ်တို့နှင့်လည်း အတူ လုပ်ဆောင်၍ Jackson 5 အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

မိုက်ကယ်ဂျက်ဆင်သည် စိတ်ငြိမ်ဆေး အလွန်အကျွံ သောက်သုံးခဲ့မှုကြောင့် ၂၀၀၉ ခုနှစ်၊ ဇွန် ၂၅ ရက်က ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၀ အရွယ်သာ ရှိသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly