လူငယ်စွန့်ဦးတီထွင်များ အစိုးရကိုပဲ အားမကိုးသင့်ဟု ဒေါက်တာအောင်ထွန်းသက်ပြော

လူငယ်စွန့်ဦးတီထွင်များ အစိုးရကိုပဲ အားမကိုးသင့်ဟု ဒေါက်တာအောင်ထွန်းသက်ပြော

ရန်ကုန် မတ် ၂၅ ။             ။ မြန်မာနိုင်ငံက လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် ကြုံတွေ့ရသည့် အခက်အခဲများဖြေရှင်းရာတွင် အစိုးရကိုပဲ အားကိုးတာမျိုးမဖြစ်သင့်ဘဲ စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ်သဘောထားရမည် ဖြစ်ကြောင်း စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က ပြောသည််။

ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံရှိလူမှုအကျိုးပြုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ Myanmar young Socialpreneur Forum (MYSF)တွင် ပြောခဲ့ခြင်းဖြစ်သည်။

"စိန်ခေါ်မှုဆိုတဲ့စကားလုံးမသုံးနဲ့။ အဲဒါ အခွင့်အရေးပဲ။ လူတစ်ယောက်မအောင်မြင်ဘူးဆိုတာ အခွင့်အရေး၊ ငွေမရှိဘူးဆိုတာလည်း အခွင့်အရေးပဲ။ ငွေမရှိရင် ရှိအောင်ရှာရမယ်။ ငွေမရှိတာကို အခက်အခဲ စိန်ခေါ်မှုလို့ စဉ်းစားရင် အဟန့်အတားလိုဖြစ်နေရင် လုပ်ချင်ကိုင်ချင်စိတ်မရှိ အားနည်းတာပဲ။ ဆရာတို့တိုက်တွန်းရမှာက လူတစ်ယောက်မှာ အခက်အခဲလို့ မစဉ်းစားနဲ့ စိန်ခေါ်မှုလို့ မစဉ်းစားနဲ့။ အခွင့်အရေးလို့စဉ်းစားပြီး ရတဲ့အခွင့် အရေးကို ရအောင်ယူရမယ်။ နိုင်ငံတော်က အထောက်အပံ့ပေးမှ နိုင်ငံတော်ကကူညီမှ နိုင်ငံတော်က သူဟာနဲ့သူလေ။ နိုင်ငံတော်က ကူညီပေးရင် ကောင်းတယ်။ မပေးလည်း ကိုယ့်ဟာကိုယ်တာဝန်ယူရမှာပေါ့။ ကိုယ်က စွန့်ဦးတီထွင်သူပဲလေ။ အဲဒါကို စိတ်ပြင်မှရမှာ" ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အရင်းအနှီးဆိုင်ရာကိစ္စရပ်များ အတွက် မိမိဘာသာကြိုးစားနိုင်ရန် အခြေခံစိတ်ဓါတ်များ မွေးမြူရမည်ဟု ဒေါက်တာအောင်ထွန်းသက်က ပြောခဲ့သေးသည်။

မြန်မာနိုင်ငံ၏ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အခက်အခဲများက အတွေးအခေါ် တီထွင်ဆန်းသစ်မှု၊ ငွေကြေးအရင်းအနှီး၊ စျေးကွက်အနေအထားနှင့် အတတ်ပညာလိုအပ်ချက်များ ဖြစ်သည်ဟု မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းထက်မောင်မောင် က ဆိုသည်။

"အိုင်ဒီယာရှိပြီး လုပ်ငန်းစဖို့ ရပ်တည်ဖို့အတွက် အရင်းအနှီးမရှိရင်လည်း မလွယ်ပါဘူး။ အရင်းအနှီးရှိတယ် ။ လုပ်ငန်းလည်း ဆောင်ရွက်တဲ့အခါကျတော့ စျေးကွက်အနေအထားကလည်း လိုပါတယ် ။နောက်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် အနောက်က ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ ပညာရှင်တွေ လိုအပ်ပါတယ်။ အစိုးရဘက်ကလည်း ငွေကြေးအရင်းအနှီးဆိုင်ရာကိစ္စရပ်တွေကို ပူးပေါင်းကူညီပေးမယ်ဆိုရင် တော့ မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်သူတွေ ဖွံ့ဖြိုးလာမယ်ထင်ပါတယ်"ဟု မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းထက်မောင်မောင်က ပြောသည်။

ယခုဖိုရမ်ကို လူမှုအကျိုးပြုလုပ်ငန်း၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုနှင့် အာရှနှင့် ကမ္ဘာတဝှမ်း ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာနိုင်ရန် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း(MYEA)နှင့်   British Council Myanmarတို့က ပထမအကြိမ် ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်သည််။

ဆွေးနွေးပွဲတွင် MYEA ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့က ဟောပြောပို့ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly