ကော့မှူးမြို့နယ်၏ ရွာများတွင် မဲအသိပညာ ပေးမှုနည်းပါးနေ

ကော့မှူးမြို့နယ်၏ ရွာများတွင် မဲအသိပညာ ပေးမှုနည်းပါးနေ

ရန်ကုန်၊ မတ် ၂၅ ။            ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ်ဖြစ်ခဲ့တဲ့ ကော့မှူးမြို့နယ်မှာ မဲဆန္ဒထည့်ရေး အသိပညာပေးမှုတွေနည်းပါးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကော့မှူးမြို့နယ်က ကျေးရွာတချို့မှာ ဧပြီလ ၁ ရက်မှာ စတင်တော့မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်တာတွေနဲ့ မဲအသိပညာပေးတာတွေကို ပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ပြုလုပ်တာရှိပေမယ့် လုံလောက်တဲ့အခြေအနေတော့ မဟုတ်ဘူးလို့ သိရပါတယ်။

“ ပညာပေးမှုအခြေနေတွေက ပါတီတွေက ဖြတ်သွားဖြတ်လာပဲရှိပါတယ်။ ရွာမှာ သူတို့ ဗီနိုင်းပုံလေးတွေ ကပ်တယ်။ ကျန်တာတော့ စာရွက်စာတန်းလေးတွေ ဝေတယ် ။ ဒါပဲ လုပ်ပါတယ် ” လို့  ကော့မှူးမြို့နယ် မဝန်းကျေးရွာရပ်ကျေးကော်မရှင် ဥက္ကဋ္ဌ  ဦးစောရန်က ပြောပါတယ်။

အခုလို ပညာပေးမှုတွေနည်းပါးနေသလို မဲဆန္ဒရှင်တွေကလည်း ကြားဖြတ်ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်စားမှုတွေလျော့နည်းနေတယ်လို့ ကော့မှူးမြို့နယ် ၀ါးဘလောက်သောက် စံပြ ကျေးရွာ ရပ်ကျေးကော်မရှင် ဥက္ကဋ္ဌ ဦးကျော်မြင့်က မှတ်ချက်ပြုပါတယ်။

မဝန်းကျေးရွာမှာ မဲဆန္ဒရှင် ၉၀၀ ကျော်ရှိပြီးအခုအချိန် (မတ် ၂၅) ထိ မဲသက်သေခံလာရောက်လျှောက်ထားသူ ၁၀၀ လောက်ပဲရှိသေးတယ်လို့ ရပ်ကျေးကော်မရှင်ကသိရပါတယ်။

“ အရင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးတော့ အကွက်လေးထဲ ခဲတံနဲ့ခြစ်တာပေါ့။ အခု ဘာမှ မပြောသေး၊ လာလည်းမပြသေးဘူး ။ လာလည်းမစည်းရုံးသေးဘူး။  အေးအေးဆေးဆေးနေကြသေးတယ် ”ဟု ကေားမှူးမြို့နယ် ထန်းမနိုင်ကျေးရွာနေ ဦးတင်ထွန်းက ပြောဆိုပါတယ်။

ကော့မှူးမြို့နယ်မှာ အိမ်ထောင်စုပေါင်း ၃ သောင်းလောက် နဲ့ မဲပေးခွင့်ရှိသူ ၉ သောင်းနီးပါး ရှိနေတယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်တစ်နေရာအတွက် ကော့မှူးမြို့နယ်မှာ ရွေးကောက်ခံ လွှတ်တော်အမတ် ၉ ယောက် ရှိနေပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူအများဆုံးမဲ ဆန္ဒနယ်လည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly