ဆီးရီးယားက အကျဉ်းထောင် လေကြောင်းတိုက်ခိုက်ခံရ၍ လူ ၁၆ ဦးသေဆုံး

ဆီးရီးယားက အကျဉ်းထောင် လေကြောင်းတိုက်ခိုက်ခံရ၍ လူ ၁၆ ဦးသေဆုံး

ဒမတ်စကပ်၊ မတ် ၂၅ ။              ။ ဆီးရီးယားနိုင်ငံက သူပုန်ထိန်းချုပ်ထားသည့် အိဒ်လစ်ဘ်မြို့က အကျဉ်းထောင်တစ်ခု၌ လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားပြီး လူအနည်းဆုံး ၁၆ ဦး သေဆုံးကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မတ် ၂၅ ရက်တွင် ပြောသည်။

သေဆုံးသူများတွင် အကျဉ်းသားများနှင့်အတူ အကျဉ်းထောင်စောင့်ဝန်ထမ်းများ ပါဝင်ကြောင်း ယင်းအဖွဲ့က ပြောသော်လည်း ပျက်စီးဆုံးရှုံးမှုပမာဏကို လတ်တလော မသိရသေးပေ။

ယခုလေကြောင်းတိုက်ခိုက်မှုအား ရုရှစစ်လေယာဉ်က ဆင်နွှဲသွားခြင်းဟု ယူဆထားသည်။ ဆီးရီးယားအရေးတွင် ရုရှနိုင်ငံက ၂၀၁၅ စက်တင်ဘာကစပြီး စစ်ရေးအရ ကြားဝင်ကာ သမ္မတဘာရှာအာဆတ်ကို စစ်ကူဖြည့်ပေးလျက်ရှိနေသည်။

ဆီးရီးယားနိုင်ငံတွင်းက သတင်းရင်းမြစ်နက်ဝက်ကို အားကိုးနေရသည့် စောင့်ကြည့်ရေးအဖွဲ့က လေကြောင်းတိုက်ခိုက်ရေးဆင်နွှဲခဲ့သည့် လေယာဉ်အမျိုးအစား၊ တည်နေရာ၊ ပျံသန်းပုံစံနှင့် သုံးစွဲလက်နက်များအပေါ် မူတည်ကာ ရုရှ၏ တိုက်ခိုက်မှုဖြစ်သည်ဟု ယူဆဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ထွက်ပြေးကြသော အကျဉ်းသားများကို အစောင့်များက ပစ်ခတ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ဆိုကာ ထိုပစ်ခတ်မှုအတွင်း သေဆုံးသူရှိကြောင်းလည်း သိရသည်။

အိဒ်လစ်ဘ်မြို့သည် အစိုးရထိန်းချုပ်မှု ဆုံးရှုံးထားသော ဒုတိယမြောက်ပြည်နယ်မြို့တော်ဖြစ်သည်။ ၂၀၁၅ ခုနှစ် မတ်လအတွင်းက မြို့အား အယ်ခိုင်ဒါလက်ခွဲ အယ်နျူဆာရှေ့တန်းတပ်ဖွဲ့ ဦးဆောင်သည့် Army of Conquest တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly