ရခိုင်အရေး ကုလဆုံးဖြတ်ချက်မှာ တရားမျှတမှုမရှိဟု အစိုးရတုံ့ပြန်

ရခိုင်အရေး ကုလဆုံးဖြတ်ချက်မှာ တရားမျှတမှုမရှိဟု အစိုးရတုံ့ပြန်
ဓာတ်ပုံ - မောင်တော ငါးခူရရွာအတွင်း မြင်ကွင်းများ (EPA)

ရန်ကုန် ၊ မတ် ၂၅ ။             ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ မဲခွဲခြင်းမရှိဘဲ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်အပေါ် တရားမျှတမှု မရှိဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္စျိမသို့ ယနေ့ညနေတွင် ပြောသည်။

"ဒါက တရားမျှတမှု မရှိဘူး။ ဒီအတိုင်းမြင်တယ်၊ သက်ဆိုင်ရာနိုင်ငံက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာ မပြီးပြတ်သေးရင် အခုလိုမျိုး နိုင်ငံတကာက Substitute Mission စုံစမ်းစစ်ဆေးတာ မဖြစ်သင့်ဘူး" ဟု ဦးဇော်ဌေးက ဆိုသည်။

ယမန်နေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၃၄  ကြိမ်မြောက်အစည်းအဝေး၌ ဥရောပသမဂ္ဂက တင်သွင်းသည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲမခွဲဘဲ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂအဖွဲ့က မတ်လ ၂၄ ရက်က အတည်ပြုဆုံးဖြတ်လိုက်ခြင်းအပေါ် တုံ့ပြန်ပြောဆို လိုက်ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာအစိုးရအနေဖြင့် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်သောကြောင့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ခြင်းဖြစ်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်သည်။

လက်ရှိတွင်  ရခိုင်စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ မထွက်ရှိသေးသလို ယင်းအစီရင်ခံစာ၌ လူအခွင့်အရေး ချိုးဖောက်ခြင်းများကို ပါရှိလာပါက အစိုးရအနေဖြင့် အရေးယူသွားမည်ဟု ဦးဇော်ဌေးက ဆိုသည်။

"အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိပါဘူး ငြင်းနေတာလည်း မဟုတ်ဘူး။ စွပ်စွဲချက်တွေကို စစ်ဆေး မေးမြန်းမှုတွေ မလုပ်ဘူးဆိုပြီး နေတာလည်းမဟုတ်ဘူး။ မျက်စိစုံမှိတ်ပြီးတော့ ဘာလုပ်လုပ် မသိဘူးဆိုပြီး ငြင်းဆန်နေတာလည်း မဟုတ်ဘူး" ဟု ဦးဇော်ဌေးက ပြောသည်။

ရခိုင်ပြည်နယ်နှင့်ပတ်သက်ပြီး မြန်မာအစိုးရမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို သီးခြားဖွဲ့စည်းပေးထားခဲ့ပြီး မတ်လ ၁၆ ရက်တွင် အကြံပြုချက် ၃၀ ပါ၀င်သော ကြားဖြတ်အစီရင်ခံစာတစ်စောင်တင်သွင်းထားသည်။

နှစ်ဘက်အသိုင်းအဝန်းအခြေအနေများအား ဖော်ပြထားသော  ကိုဖီအာနန်ကော်မရှင်အကြံပြုချက်များအား အကောင်အထည်ဖော်သွားမည်ဟု မြန်မာအစိုးရက ကတိပေးထားသည်။

ဘင်္ဂါလီများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ အမြင့်ဆုံးစစ်ဆေးရေးအဆင့်ဖြစ်သည့် စုံစမ်းစစ်မေးမှု ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရန်အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံကိုယ်စားလှယ် ယန်ဟီလီက လူ့အခွင့်အရေးကောင်စီထံ တိုက်တွန်းထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly