နန်းမြိုင်ဟိုတယ်ငှားရမ်းမှု ၀န်ကြီးဌာနမှ ပြန်သုံးသပ်ပေးရန် လုပ်ငန်းရှင်တောင်းဆို

နန်းမြိုင်ဟိုတယ်ငှားရမ်းမှု ၀န်ကြီးဌာနမှ ပြန်သုံးသပ်ပေးရန် လုပ်ငန်းရှင်တောင်းဆို

ရန်ကုန်၊ မတ်လ ၂၅ ရက်၊            ။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် စာချုပ် ချုပ်ဆိုထားသည့် ကုမ္ပဏီတစ်ခုက အရှံုးပေါ်ခြင်းနှင့် ပတ်သက်၍ ငှားရမ်းထားသည့် စာချုပ်ကို ပြန်လည်ညှိနှိုင်းရေးအတွက် The National Trading Co.,Ltd မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးဌေးအောင်က မတ်လ ၂၅ ရက်နေ့တွင် မီဒီယာများနှင့် Orchid Hotel မှာ တွေ့ဆုံပြီး ရှင်းလင်းခဲ့သည်။

ပြင်ဦးလွင်မြို့၏ နန်းမြိုင်ဟိုတယ်ကို ၂၀၁၃ ခုနှစ်က ၁၅ နှစ်စာချုပ်နှင့် ငှားရမ်းခဲ့သည့် The National Trading ကုမ္ပဏီသည် လစဉ်သိန်း ၄၀၀ ကျော်ရှံုးနေကြောင်း တစ်လငှားရမ်းခကို သိန်း၅၀၀ ဖြစ်ပြီး တစ်လ အသားတင်ဝင်ငွေမှာ သိန်း၁၀၀ ပင် မပြည့်ကြောင်း ဦးဌေးအောင် က ပြောသည်။

ထို့ကြောင့် တစ်နှစ်ငှားရမ်းခကို ကျပ်သိန်း ၉၀၀ သတ်မှတ်ပေးရေးအတွက် စာချုပ်ကိုပြန်လည်ညှိနှိုင်းပေးရန် ဝန်ကြီးဌာနထံ တောင်းဆိုထားသော်လည်း အစိုးရသစ်လက်ထက်တွင် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းသိရသည်။

"ဖေဖော်ဝါရီ ၂ ရက် ကနေ မတ်လ ပထမပတ်လောက်ထိက ဘာအဖြေတစ်ခုမှ ထွက်မလာလို့ ကျွန်တော်တို့ ဝန်ကြီးကို အကြိမ်ကြိမ်တွေ့ခွင့်တောင်းတယ်။ ဝန်ကြီးက တစ်မိနစ်လောက် အချိန်လေးမှာ လာတယ်။ Review ကို ကျွန်တော်အသိအမှတ် မပြုနိုင်ဘူး။ ခင်ဗျားတို့ ကျပ်သိန်းလေးထောင်ပေးနိုင်သလား၊ စီး/ကော်တင်ပေးမယ်၊ အဲ့တာမဟုတ်ရင် ကြိုက်တာလုပ် ဆိုပြီးဖြတ်သွားတာပါ" ဟု ၎င်းကပြောသည်။

The National Trading ကုမ္ပဏီအနေဖြင့် ဝင်ငွေပိုမိုရရှိရေးအတွက် ရေကူးကန်အပါအဝင်တိုးချဲ့ဆောင်များ ဆောက်လုပ်ခွင့်ကို မျှော်လင့်ပြီး တစ်နှစ် သိန်း၆၀၀၀ ဖြင့် စာချုပ် ချုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုးချဲ့အစီအစဉ်များ ကိုလည်း အကောင်အထည်ဖော်ခွင့် မရခဲ့ကြောင်းသိရသည်။

ထို့အပြင် လက်ရှိအခြေအနေ အကျပ်အတည်း နှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် ပြည်ထောင်စုအဆင့်လွှတ်တော်များကို အသနားခံတိုင်ကြားထားသည်။

"ဝန်ကြီးဌာနကတော့ ကျွန်တော်တို့ကို မတော်တရားလုပ်နေပါသည်။ ဒီအတွက်ကြောင့်  ကယ်သူကို ကျွန်တော်တို့ကို ရှာနေတာပါ။ ကျွန်တော်တို့ကိုကယ်ပါ ဆိုတာမျိုး စာရေးလိုက်တာပါ။ အဲ့ဒီအခါမှာ ပထမဆုံးတုံ့ပြန်လာတာက ပြည်သူ့လွတ်တော်ရုံးကနေပြီးတော့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် စီးပွားရေးနဲ့ဘဏ္ဍာရေးဖွ့ံဖြိုးတိုးတက်မှု ဆပ်ကော်မတီ ရှိပါတယ်။ ဒီအဖွဲ့က ခင်ဗျား တို့ကို ဆက်သွယ် လာပါလိမ့်မယ်။ အဲ့ဒီအခါမှ ညှိနှိုင်းဆောင်ရွက်ရန်ဆိုပြီး အကြောင်းကြားလာပါတယ်" ဟု ဦးဌေးအောင်က ဆက်ပြောသည်။

ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ဗျူရိုကရက်ဝန်ထမ်းများကြောင့် လုပ်ငန်းရှင်များ ထိခိုက်နစ်နာနိုင်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြတာဖြစ်ကြောင်း ခေါင်းစဉ်တပ်ထားသည်။

ယခုသတင်းစာရှင်းလင်းပွဲ နှင့်ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနဘက်မှ ပြန်လည်တုန့်ပြန်မှုကိုမရရှိသေးပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly