သားငယ်နဲ့ ဘီလီနှစ်ယောက်တည်း အပီနွှဲမယ့်ပွဲ ဘယ်သူ့ကို ရွေးကြမလဲ

သားငယ်နဲ့ ဘီလီနှစ်ယောက်တည်း အပီနွှဲမယ့်ပွဲ ဘယ်သူ့ကို ရွေးကြမလဲ

ဒီနေ့ ညနေမှာတော့ သီချင်းဆို စိတ်ဝင်စားသူ ပရိသတ်တွေ စိတ်အဝင်စားဆုံးလို့ ပြောလို့ရတဲ့ Myanmar Idol Winnerကို ဒီည ရွေးချယ်တော့မှာပါ။ ပြိုင်ပွဲ အဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့ပြီး ဒီညမှာတော့ နှစ်ယောက်တည်း အပီနွှဲကြရမယ့် ပွဲကြီး ပွဲကောင်းပါ။ ဘီလီလမင်းအေးနဲ့ သားငယ် ဘယ်သူက Winner ဖြစ်မလဲဆိုတာ ရင်ခုန်စရာပါ။

ပရိသတ်တွေအနေနဲ့လည်း သူ့ပရိသတ်၊ ငါ့ပရိသတ် ကွဲပြားနေပေမယ့် ဆုကြေးငွေ ကျပ် သိန်း ၂၀၀ နဲ့အတူ အမေရိကန်နိုင်ငံထုတ် Ford ကား အသစ်တစ်စီး ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးအပြင် အနုပညာလမ်းကြောင်းပေါ် လျှောက်နိုင်မယ့် သူအတွက်ကတော့ တကယ့်ကို ကံကောင်းတာပါပဲ။

ဘီလီလမင်းအေးကို ချစ်ခင်နှစ်သက်ကြသလို သားငယ်ကိုလည်း ဖြစ်ထွန်း အောင်မြင်စေချင်ကြသူတွေ မနည်းလှပါဘူး။ ဒီရက်ပိုင်း အွန်လိုင်းပေါ်မှာလည်း သားငယ်၊ ဘီလီနဲ့ အငြင်းပွားစရာတွေ၊ သူ့ဘက်ကိုယ့်ဘက် ငြင်းခုန်ကြတာတွေလည်း တွေ့နေရပါတယ်။

Myanmar Idol Season 2 Grand Final ပွဲကြီးကို ယနေ့ မတ်လ ၂၅ ရက်၊ ည ရ နာရီခွဲ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ Top 2 ပြိုင်ပွဲဝင် သားငယ်နဲ့ ဘီလီလမင်းအေးတို့ကလည်း ရင်ခုန်နေမှာကတော့ ပြောနေစရာကို မလိုတော့ပါဘူး။ဒီနေ့ ည ရ နာရီခွဲမှ ည ၁၀နာရီခွဲအထိ သားငယ်ဆို နံပါတ် ၂ ၊ ဘီလီဆို နံပါတ် ၉ ဆိုပြီး 7777 သို့ အမ်ပီတီမှတဆင့် နောက်နေ့ ညနေ ၆နာရီအထိ အကန့်အသတ်မရှိ မဲပေးနိုင်ပြီး Winner ကို ရွေးချယ်နိုင်ကြပါပြီ။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Myanmar Idol Season 2 Top 3 ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ပိုးမီက ပရိသတ် မဲပေးမှု အနည်းဆုံးဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ပိုးမီကို တေးစီးရီးထုတ်ပေးလိုသူတွေ ထွက်ပေါ်ခဲ့ပါတယ်။ Myanmar Idol ရဲ့ လမ်းကြောင်းကို ပြန်ကြည့်ရင်  Season 2 က စပြီး   ပြိုင်ပွဲဝင် Top 10 ကို မြို့ကြီး ၁၅ မြို့မှ ရွေးချယ်ခဲ့ကာ  ဒီဇင်ဘာလ ၂ ရက်မှ စတင်၍ အပတ်စဉ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဲဒီကာလတွေဟာ အကြိတ်အနယ်အရှိဆုံးနဲ့ ပရိသတ်စိတ်ဝင်စားမှု မြင့်တက်တဲ့ကာလတွေ ဖြစ်ခဲ့ပါတယ်။ Top 10 ထဲမှ  ယွန်း၊ ရဲနောင်၊ မိုင်းမိုင်ဆိုင်း၊ ဇင်ကြီး၊ A မီစျာန်၊ ဖြူလေး၊ ချမ်းငြိမ်းတို့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး Top 3 အဖြစ် ပိုးမီကျန်ရှိကာ အခု Top 2 အဖြစ် သားငယ်နဲ့ ဘီလီလမင်းအေးတို့ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။

ပြင်ဦးလွင်မှာနေတဲ့ ရခိုင်တိုင်းရင်းသား သားငယ်နဲ့ တောင်ကြီးသူ ဘီလီလမင်းအေးတို့ ဘယ်သူက Winner ဖြစ်နိုင်မှာလဲ။ ဒီနေ့ညနေပြိုင်ပွဲအပြီး အဖြေအတွက် အားလုံးလည်းပဲ စိတ်လှုပ်ရှားနေကြပါပြီ။

Myanmar Idol Season 1 မှာတော့ Winner ဆုကို စောလားထော်ဝါးက ရရှိခဲ့ပြီး အနုပညာလမ်း ပေါက်ခဲ့ပါတယ်။  ဒီတော့ Myanmar Idol Season 2 Grand Final မှာ Winner ဆု ရခဲ့ရင်တော့ ကျပ် သိန်း ၂၀၀၊ တေးစီးရီးအခွေ၊ Music Video  အခွေတို့အပြင် ကားတစ်စီး ဆုချီးမြှင့်ခံရမှာမို့ ဘယ်သူ Winner လဲ။ ပျော်ရမယ့်သူက ဘီလီလား၊ သားငယ်လား အပြင် သူတို့ပရိသတ် ဘယ်သူက ပိုပျော်ရမလဲ။ စစ်မှန်တဲ့ အားပေးမှုနဲ့အတူ မျှတတဲ့ ယှဉ်ပြိုင်မှုအတွက် ဖြစ်ဖို့လိုပြီး အနုပညာကို ချစ်မြတ်နိုးတဲ့ ပညာရှင် အနုပညာရှင်တွေ ထွက်ပေါ်လာနိုင်ကြပါစေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly