ရဲတပ်ဖွဲ့ သေနတ်ဖြင့်ပစ် ဖြိုခွင်းခြင်းကြောင့် လက်ပံတောင်းဒေသခံများ သပိတ်စခန်းဖွင့် ကန့်ကွက်မည်

ရဲတပ်ဖွဲ့ သေနတ်ဖြင့်ပစ် ဖြိုခွင်းခြင်းကြောင့် လက်ပံတောင်းဒေသခံများ သပိတ်စခန်းဖွင့် ကန့်ကွက်မည်
(ဓာတ်ပုံ-နန္ဒ-တစ်ကိုယ်တော်)

မန္တလေး၊ မတ် ၂၅ ။                ။ လက်ပံတောင်းကြေးနီစီမံကိန်းမှ ကျောက်သည်ကားများကို ဒေသခံများက တားဆီးခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်၍ ဖြိုခွင်းခဲ့ခြင်းအတွက် ဒေသခံများက သပိတ်စခန်းဖွင့်ကာ ဆက်လက်တားဆီမှုများ ပြုလုပ်သွားမည်ဟု မိုးကြိုးပြင် အလယ်ရွာမှ ကိုလတ်က မဇ္ဈိမကိုပြောသည်။

ဒေသခံများ၏ တားဆီးမှုကို ရဲတပ်ဖွဲ့က မတ်လ ၂၄ရက်၊ ညနေ ၅ နာရီကျော်က သေနတ်ဖြင့် ပစ်ကာ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖြိုခွဲမှုကြောင့် ဒေသခံ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး မိုးကြိုးပြင်ကျေးရွာတွင် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

"ဆေးရုံလည်း သွားမကုရဲဘူး။ လောလောဆယ်တော့ ရွာမှာပဲကုနေတယ်။"ဟု မိုးကြိုးပြင်အလယ်ရွာသား ကိုလတ်ကပြောသည်။

အဆိုပါဒဏ်ရာရရှိကုသပေးနေမှုနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က "လိုအပ်တာ ကူညီပေးနေပါတယ်။ အခုကတော့ ရွာမှာပဲ ကုနေကြတယ်။ ဖြစ်တဲ့နေရာတော့ သွားဖို့က မလွယ်သေဘူး။ သွေးပူနေတဲ့အချိန်ဆိုတော့လေ။ မလိုလားအပ်တဲ့ ပြဿနာတွေထပ်ဖြစ်မှာစိုးရိမ်ရတယ်။"ဟု မဇ္ဈိမကိုပြောသည်။

ပစ်ခတ်ဖြိုခွဲမှုနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှှိသေးသ၍ သပိတ်စခန်းဖွင့် ကျောက်သည်ကားများကို တားဆီးသွားမည်ဟု ဒေသခံများကဆိုသည်။

သပိတ်စခန်းဖွင့်မည့် နေရာနှင့် ပတ်သက်၍ "မိုးကြိုးပြင်ရွာထိပ်မှာလုပ်ရမလား။ ပုသိမ်၊ မုံရွာလမ်းဘေးမှာ လုပ်ရမလားဆိုတာ တိုင်ပင်နေပါတယ်။"ဟု ကိုလတ်ကပြောသည်။

လက်ရှိအနေအထားတွင် နံနက်ပိုင်းက လုံခြံုရေးအတွက် ရဲတပ်ဖွဲ့ဝင်များလာရောက်ခဲ့သော်လည်း နံနက် ၁၁ နာရီက ပြန်လည်ထွက်သွားကြကြောင်းကိုလည်း ဒေသခံများက ပြောသည်။

"မနက်ကတော့ လက်နက်အပြည့်အစုံနဲ့လာတယ်။ ၁၁လောက်ကတော့ အုပ်စုလိုက်ပြန်သွားတယ်။ ကျွန်မတို့ကတော့ သူတို့လာလာ၊ မလာလာ လုပ်စရာရှိတာဆက်လုပ်သွားမယ်။"ဟု မိုးကြိုးမြောက်ရွာက မစန္ဒာကပြောသည်။

ဒေသခံများမှာ ကျောက်သည်ကားများကို ဆက်လက်တားဆီးထားကြောင်းနှင့် ပြည်သူကို သေနတ်ဖြင့်ပစ်ခတ်သည့် ရဲတပ်ဖွဲ့ကို ဖြေရှင်းအရေးယူပေးရန်တို့ကို သပိတ်စခန်းဖွင့်ပြီး တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း၊ ဝမ်ပေါင်ကုမ္ပဏီသို့ ပို့ဆောင်နေသော ကျောက်သယ်ကားများကို ပုသိမ်၊ မုံရွာလမ်းမတွင် ဖြတ်သန်းခွင့်မပြုဘဲ ဒေသခံများက တားဆီးထားခြင်းကြောင့် ဆားလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မတ်လ ၂၂ ရက်တွင် ကျောက်သည်ယာဉ်များကို လူစုလူဝေးဖြင့်တားဆီးနေမှုနှင့် ခွင့်ပြုချက်မဲ့ လူစုလူဝေးပြုလုပ်ခြင်းမလုပ်ရန်နှင့် ပြုလုပ်ပါ အင်အားသုံးဖြေရှင်းသွားမည်ဟု ထုတ်ပြန်အပြီး မတ်လ ၂၄ ရက်နေ့၊ညနေ ၅ နာရီတွင် ရဲတပ်ဖွဲ့ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက "ဥပဒေအတိုင်းဆောင်ရွက်တာပါ။"ဟု မဇ္ဈိမကို ပြန်လည်ဖြေကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly