ထိုင်းနိုင်ငံမှာ လိင်ပြောင်းအကျဉ်းသားတွေကို သီးသန့်ထားတဲ့ အစီအစဉ် စမ်းသပ်ဆောင်ရွက်

ထိုင်းနိုင်ငံမှာ လိင်ပြောင်းအကျဉ်းသားတွေကို သီးသန့်ထားတဲ့ အစီအစဉ် စမ်းသပ်ဆောင်ရွက်

လိင်ပြောင်းထားသူ နမ်းဟာ ခိုးမှုနဲ့ ထောင်ကျတဲ့အခါမှာ ယောက်ကျား အကျဉ်းထောင် ပို့ခံရတော့မှာကို စိုးကြောက်နေခဲ့ရပါတယ်။

ဒါပေမယ့် နမ်းကို ဘန်ကောက်အရှေ့တောင်ပိုင်း ပတ္တရားက အကျဉ်းထောင်ကို အပို့ခံခဲ့ရပြီး သူလိုမျိုး လိင်ပြောင်းအကျဉ်းသားတွေကို သီးသန့်ထားတဲ့ အဆောင်မှာ ထားရှိခံရပါတော့တယ်။

ထိုင်းနိုင်ငံမှာက လိင်မတော်မတရား လုပ်ဆောင်မှုတွေ မဖြစ်ပွားအောင် လိင်ပြောင်းအကျဉ်းသားတွေကို သီးသန့်ထားရှိတဲ့ အစီအစဉ်ကို မြေစမ်းခရမ်းပျိုး စတင်လုပ်ဆောင်နေတာပါ။

နမ်းဟာ အကျဉ်းထောင်ရဲ့ မိန်းမအဆောင်မှာ အခြားလိင်ပြောင်းအကျဉ်းသား ဆယ်ဦးနဲ့အတူ ဆယ်ငါးမီတာစတုရန်းအကျယ် အခန်းမှာ ထောင်ဒဏ်အပြစ်ကြွေးကို ငါးလကျခံခဲ့ရပါတယ်။ အဲဒီအဆောင်မှာ လိင်တူဆက်ဆံသူအမျိုးသမီးအကျဉ်းသား ၂၂ ဦးကိုလည်း သီးသန့်အခန်းနဲ့ ထားရှိထားပါတယ်။

“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျွန်မ လိင်မပြောင်းရသေးခင်က ယောက်ကျားထောင်မှာ ထောင်ကျခဲ့ဖူးတယ်။ ဒီတုန်းကတော့ ကျွန်မ လိင်မတော်မတရား အလုပ်မခံခဲ့ရပါဘူး။ ဒါပေမယ့် အခြားအကျဉ်းသားတွေချင်း မုဒိမ်းပြုကျင့်တာတွေကိုတော့ ကြားသိရတယ်။”လို့ နမ်းက ပြန်ပြောင်းပြောပါတယ်။

“ကျွန်မတို့အတွက် အလိုလားဆုံးက တန်းတူညီမျှ ဆက်ဆံမှုပါပဲ။ ခု အကျဉ်းထောင်မှာတော့ ကျွန်မတို့ကို အမျိုးသမီးတွေလိုပဲ ရှုမြင်ဆက်ဆံကြပါတယ်။”လို့ နမ်းက ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ လိင်ပြောင်းထားသူဖြစ်ပေမယ့် မှတ်ပုံတင်မှတ်တမ်းမှတ်ရာ ရေးသွင်းရာမှာတော့ မူလလိင်အတိုင်းပဲ ခွင့်ပြုထားတာဖြစ်ပါတယ်။

အခုနှစ် မတ်လလယ်လောက်က ၀တ္တရားအကျဉ်းထောင်ကို အကျဉ်းဦးစီးဌာနက အဖွဲ့တစ်ဖွဲ့ လာရောက်ပြီး လိင်ပြောင်းအကျဉ်းသားတွေ သီးသန့်ထားရှိတဲ့ လုပ်ငန်းစဉ်အပေါ် လာရောက်အကဲဖြတ်ခဲ့ကြပါတယ်။ ခုအစီအစဉ်ကို နိုင်ငံအနှံ့က အခြားအကျဉ်းထောင်တွေမှာပါ ကျင့်သုံးဖို့ ဖြစ်နိုင်ခြေအပေါ်မှာ လာရောက်လေ့လာခဲ့တာပဲဖြစ်ပါတယ်။

တရားဝင်အချက်အလက်တွေအရ အကျဉ်းသား ၄၅၀၀ နီးပါးဟာ LGBT ( အမျိုးသမီးချင်း ဆက်ဆံဖက်၊ အမျိုးသားချင်း ဆက်ဆံဖက်၊ ဒွိလိင်ဆက်ဆံဖက်နဲ့ လိင်ပြောင်းထားသူ) အမျိုးအစား ခွဲကာ သီးသန့်ထားရှိပေးဖို့ကို လိုလားကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly