လိပ်ကျွန်းသေဒဏ်အမိန့် အယူခံတင်ရန်တောင်းဆိုမှုအား ထိုင်းတရားရုံးချုပ် လက်ခံ

လိပ်ကျွန်းသေဒဏ်အမိန့် အယူခံတင်ရန်တောင်းဆိုမှုအား ထိုင်းတရားရုံးချုပ် လက်ခံ
ဓာတ်ပုံ-EPA

ချင်းမိုင်၊မတ်လ ၂၄ ။           ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချခံနေသူ မြန်မာနိုင်ငံသား နှစ်ဦးအမှု နောက်ဆုံး အယူခံတင်ရန်အတွက် မတ်လ ၂၃ ရက်နေ့က မူလတရားရုံးဖြစ်သော ကော့စမွေ တရားရုံးသို့ ထိုင်းရှေ့နေများကောင်စီက သွားရောက်တောင်းဆိုမှုကို လက်ခံလိုက်သည်။

ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရ၍ လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး၏ အယူခံကို ကောစမွေတရားရုံးက ပယ်ချခဲ့သဖြင့် ထိုင်းတရားရုံးချုပ်သို့ တစ်လအတွင်း အယူခံတင်ရမည် ဖြစ်သေ်ာလည်း အချိန်မလုံလောက်သဖြင့် အထောက်အထားများ ရှာဖွေစုဆောင်းနိုင်ရန် အချိန်တစ်လ တိုးမြှင့် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

 “အခုက နောက်တစ်လ ထပ်တောင်းရမယ်ဆိုတော့ ၂၃ ရက်၊ ၄ လ၊  ၂၀၁၇ ခုနှစ် တစ်လ ထပ်တိုးရပါတယ်။ တရားရုံးမှာ ၂၃ ရက်အမီ မနေ့က တင်လိုက်တာပါ။ မူလတရားရုံးဖြစ်တဲ့ ကော့စမွေ တရားရုံးမှာ ရှေ့နေများကောင်စီက တင်လိုက်တယ်။ ထိုင်းဥပဒေ အရဆိုရင် အကြောင်းပြချက် ခိုင်လုံရင် ခွင့်ပြုတယ်။ သေဒဏ်လည်း ဖြစ်နေတယ်။ အကြောင်းပြချက်လည်း ရှာဖို့ လိုတယ် ဆိုတော့ နောက်တစ်ချိန်းဆိုရင်လည်း ခွင့်ပြုမယ်လို့ ထင်တယ်။ နောက်တစ်ချိန်း ဆိုရင်တော့ ကျွန်တော်တို့ တင်နိုင်ပြီလို့ ထင်ပါတယ်”ဟု မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း အကျဉ်းချနေသော ထောင်တွင်း အယူခံကို ပယ်ချကြောင်း အမိန့်ချခဲ့ပြီးနောက် မတ်လ ၁ ရက်နေ့တွင် ထိုင်းတရားရုံးတွင် အမိန့်ချမှတ်ခဲ့သည်။

 မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ ရှေ့နေများက အယူခံတင်ရန်အတွက် ခိုင်မာသည့် အထောက်အထားများ ပြည့်ပြည့်စုံစုံ ရှာဖွေတင်ပြနိုင်ရန် အချိန်တစ်လ မလုံလောက်ပါက နောက်ထပ်  ၃ လအထိ ထပ်မံ တောင်းဆိုသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

မြန်မာနိုင်ငံတော်က ပံ့ပိုးပေးသည့် ဥပဒေအရာရှိများ လာမည့် အပတ်အတွင်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး ၄င်းတို့ထံမှ ဥပဒေ အကြံပြုချက်များ ရရယူခြင်းများ ပြုလုပ်၍ ထိုင်းရှေ့နေများ ကောင်စီနှင့် မြန်မာသံရုံး ပူးပေါင်း၍ အယူခံအကြောင်းပြချက်များကို ရေးသားသွားမည် ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အရင်(အယူခံ)တင်တဲ့အချက်အပြင် နောက်ဆုံး သူတို့ (ထိုင်း) အယူခံတရားရုံးက ချတဲ့ အမိန့် စာမျက်နှာ ၁၀၂ မျက်နှာထဲက အချက်တွေဟာ ကျွန်တော်တို့ အမှုတွဲမှာရှိတဲ့ အချက်တွေနဲ့ ကွဲလွဲပြီး တင်ပြထားလဲဆိုတာ ကြည့်ပြီးတော့ ကျွန်တော်တို့ ထပ်တင်ပြမယ်။ အကြမ်းဖျဉ်းတော့ ၁၈ ချက် လောက် ဆွဲထုတ်ထားပါပြီ။ ဒါပေမယ့် အဲဒါက မြန်မာနိုင်ငံက ဥပဒေအရာရှိတွေလာမှ ပိုသိလာမှာပါ”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်က သေဒဏ်ချခံရသူနှစ်ဦး အယူခံကို အချက် ၂၄ ချက်ပါသော အထောက်အထားများနှင့် တင်ပြခဲ့သော်လည်း လာမည့် တစ်လအတွင်း အမြင့်ဆုံး တရားရုံးချုပ် အယူခံတင်ရန်အတွက် မူလအမှုတွဲ စာမျက်နှာ ၄၀၀၀ ကျော်ထဲမှ သင့်တော်သည့် အချက်အလက်များကို ရှာဖွေ၍ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ဦးတို့အတွက် အကောင်းဆုံး ရလဒ်ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

မြန်မာနိုင်ငံမှ ဥပဒေ အရာရှိများထဲတွင် မည်သူများ ပါဝင်လာမည်ကို မသိသေးသော်လည်း ယခင်က တာဝန် ပေးအပ်ထားသော ဒေါ်ခင်ချိုဦး၊ ဦးဖေကျင်၊ ရဲမှူးကြီး ဦးအောင်စိုးတို့ ဖြစ်နိုင်သည်ဟု သူက ဆိုသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ဟန်နား ဝစ်သာရစ်နှင့် ဒေးဗစ်မေလတို့ လိပ်ကျွန်းတွင် အသတ်ခံရပြီးနောက် ကိုဇော်လင်းနှင့် ကိုဇော်လင်းထွန်းတို့ကို ဖမ်းဆီးအရေးယူကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် သေဒဏ် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly