ရခိုင်အရေးတွင် အရေးတကြီး စုံစမ်းစစ်ဆေးမှုဆောင်ရွက်ရန် ကုလသမဂ္ဂ သဘောတူ

ရခိုင်အရေးတွင် အရေးတကြီး စုံစမ်းစစ်ဆေးမှုဆောင်ရွက်ရန် ကုလသမဂ္ဂ သဘောတူ

မြန်မာနိုင်ငံက ဘင်္ဂါလီဆိုသူများအပေါ် ကျုးလွန်သည်ဟု စွပ်စွဲထားသော နှိပ်စက်ညှင်းပန်းမှုများ၊ သတ်ဖြတ်မှုများနှင့် မုဒိမ်းပြုကျင့်မှုများတွင် ချိုးဖောက်ကျုးလွန်ခြင်း ရှိမရှိကို အရေးတကြီး
စုံစမ်းစစ်ဆေးရေး ဆောင်ရွက်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မတ် ၂၄ ရက်တွင် သဘောတူလိုက်သည်။

ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂအဖွဲ့က အများဆန္ဒဆုံးဖြတ်ချက်ဖြင့် မြန်မာနိုင်ငံ၊ အထူးသဖြင့် မြောက်ပိုင်းရခိုင်ပြည်နယ်တွင် လွတ်လပ်သော နိုင်ငံတကာစစ်ဆေးစုံစမ်းရေးမစ်ရှင်ကို အဆောတလျင်ဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မစ်ရှင်အနေဖြင့် စက်တင်ဘာလအတွင်း ပမာဏအစီရင်ခံစာကို တင်သွင်းကာ ယခုနှစ်မကုန်မီ အစီရင်ခံစာအပြည့်အစုံကို တင်သွင်းရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ   ကျောထောက်နောက်ခံပြုသည့်  ယခုဆုံးဖြတ်ချက်က သဘောတူချမှတ်သည်။

ဘင်္ဂါလီများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ အမြင့်ဆုံးစစ်ဆေးရေးအဆင့်ဖြစ်သည့် စုံစမ်းစစ်မေးမှုကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရန်အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံကိုယ်စားလှယ် ယန်ဟီလီက လူ့အခွင့်အရေးကောင်စီထံ တိုက်တွန်းထားခဲ့သည်။

သို့သော် ယန်ဟီလီ၏ တိုက်တွန်းတောင်းဆိုမှုက လူ့အခွင့်အရေးကောင်စီတွင် သြဇာလွှမ်းမိုးမှု များသော ဥရောပနိုင်ငံများကြား ထောက်ခံမှု အနည်းငယ်သာရခဲ့သည်။

ရခိုင်ပြည်နယ်အရေးတွင် ထိပ်တန်းအဆင့်စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ခြင်းမပြုမီ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသစ်အား ဥရောပခေါင်းဆောင်များက အချိန်ပိုမိုပေးရန် လိုလားလျက်ရှိနေသည်ဟု ယခုလအစောပိုင်းက သတင်းထောက်များအားယန်ဟီလီက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂမှနေ၍ စုံစမ်းစစ်မေးမှုကော်မရှင်ဖွဲ့ခြင်းကို  ကန့်ကွက်ထားသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ မြန်မာသံတမန် ဦးထင်လင်းက အဆင့်နိမ့်စုံစမ်းစစ်ဆေးမှုများ   စေလွှတ်မည့် လုပ်ဆောင်ချက်ကိုပင် လက်သင့်ခံစရာ မရှိကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီးကိုယ်တိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်အား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဦးဆောင်စေကာ ဖွဲ့စည်း ဆောင်ရွက်လျက်လည်း ရှိနေပြီး မတ်လ ၁၆ ရက်နေ့က အပြုသဘောဆောင်သော ကြားဖြတ်အစီရင်ခံစာ တစ်စောင်တင်သွင်းခဲ့သည်။

မတ်လ  ၁၆ ရက်တွင် ထုတ်ပြန်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာနှင့် ပတ်သက်ပြီး မတ်လ ၁၈ ရက်က အီးယူက ထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly