ဂေးဇာတ်လမ်းများရိုက်နေပေမယ့် ဝေဖန်ခံရမှာ မကြောက်တဲ့ ဥက္ကာမင်းမောင်

ဂေးဇာတ်လမ်းများရိုက်နေပေမယ့် ဝေဖန်ခံရမှာ မကြောက်တဲ့ ဥက္ကာမင်းမောင်

သရုပ်ဆောင်မော်ဒယ်အဖြစ် ရပ်တည်နေသည့် ဥက္ကာမင်းမောင်အနေဖြင့် မေထုန်ရာသီဖွားဇာတ်ကားနှင့် ပရိ်သတ်များ၏ အားပေးမှုကို ရရှိနေချိန်တွင် ဝေဖန်မှုများလည်း ကြံုတွေ့နေရသည်။

 “ဝေဖန်တဲ့အပေါ်မှာတော့ ဘာမှမပြောချင်ဘူး။ ဒါကတော့ဝေဖန်မှာပဲ ။ ဒီလိုဇာတ်ကားမျိုး ရိုက်တဲ့အတွက်လည်း ဝေဖန်ခံရမှာပဲ။ နောက်မရိုက်ဘူးလား ဆိုတော့လည်း ရိုက်ဦးမှာပဲ။ ဇာတ်လမ်းကောင်းရင်တော့ ကျွန်တော်က ရိုက်မှာပဲ။ Gay ကာရိုက်တာတစ်ခုကို ကျွန်တော် ကြောက်တာတော့ မရှိဘူး။ ဇာတ်လမ်းလည်းကောင်းတယ်၊ လုပ်ကွက်လည်းရှိတယ်၊ Gay တွေရဲ့ Life၊ LGBT တွေရဲ့ Life ကို စော်ကားမှု မပြုဘူး၊ လှောင်ရယ်ပြီးတော့ သူတို့ကို ခုတုံးလုပ်ပြီးတော့ ဇာတ်လမ်းလုပ်တဲ့ဟာမျိုးဆိုရင်တော့ ကျွန်တော်ရိုက်ဖြစ်မှာမဟုတ်ဘူး။ အဲဒါတော့အသေအချာပဲ”ဟု Gay ဇာတ်ရုပ်အပေါ် ပရိသတ်များ၏ ဝေဖန်မှုနှင့်ပတ်သက်ပြီး ဥက္ကာမင်းမောင် က ဆိုသည်။

“ ဒီလူတွေရဲ့ ဘဝတွေကို စာနာထောက်ထားသွားအောင် ပိုပြီးတော့ ကိုယ်ချင်းစာနာတတ်သွားအောင် ဇာတ်လမ်းမျိုး ရှိလာမယ်၊ ကမ်းလှမ်းလာမယ် ဆိုရင်တော့ ကျွန်တော်ရိုက်ဖြစ်ဦးမှာပဲ။ အခုလည်း နောက်ထပ်ဇာတ်တစ်ပုဒ် ရိုက်ဖို့ရှိသေးတယ်။ အဲဒီလို Gay ဇာတ်လမ်းတစ်ပုဒ်ပဲ၊ ကျွန်တော်ကတော့ ဝေဖန်တာတော့မကြောက်ပါဘူး ဒါကတော့ဝေဖန်မှာပဲ။ လက်ခံတဲ့သူရှိမယ်၊ လက်မခံတဲ့သူရှိမယ်။ ဒါကတော့သဘာဝပဲဆိုတော့ ကျွန်တော်အဲဒီအပေါ်မှာတော့ ဘာမှစိုးရိမ်တာမရှိပါဘူး။ ဝေဖန်လည်း နားထောင်လိုက်တယ်။ အဆိုးပြောလည်း နားထောင်လိုက်တယ်။ အပျက်ပြောပြီးတော့ အသားလွတ်ကြီး မုန်းနေတော့လည်း ဘယ်တတ်နိုင်မလဲ” ဟု မော်ဒယ်/သရုပ်ဆောင် ဥက္ကာမင်းမောင်က ပြောသည်။

Mister Tourism World 2016 Winner ဆုရှင်ဥက္ကာမင်းမောင်သည် လတ်တလောတွင် “ဝက်ဝက်ကွဲအောင်ပွင့်” ဆိုသည့်ရုပ်ရှင်ကားကြီးတွင် မော်ဒယ်အေဂျင်စီပိုင်ရှင် Gay ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly