ဘယ်သူသေသေ ငတေမာရင် ပြီးသလား

ဘယ်သူသေသေ ငတေမာရင် ပြီးသလား

ယခုရက်ပိုင်းတွင် ပြည်တွင်းပြည်ပ သတင်းများ၌ နာရေးသတင်းများကို တွေ့ရသည်။ မြန်မာပြည်က အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်သောင်း ကွယ်လွန်ခဲ့သည်။ ကမ္ဘာကျော်အဆိုတော် ကွယ်လွန်သူ ဝှစ်တနီဟူစတန်၏ သမီးဖြစ်သူ ဘော်ဘီခရစ္စတီးနားလည်း ကွယ်လွန်သွားသည်။ အိန္ဒိယသမ္မတဟောင်း အေပီဂျေ အဗ္ဗဒူ ကလမ် ကွယ်လွန်သည်။

ဦးအောင်သောင်း ကွယ်လွန်သည့် သတင်းကို မြန်မာပြည်သူအများစု သိပြီးဖြစ်၍ အကျယ် မပြောလိုတော့ပါ။ ကမ္ဘာကျော် အဆိုတော်၏ သမီး ကွယ်လွန်သည့် သတင်းမှာလည်း အလှမ်းဝေး သဖြင့် အကျယ်မချဲ့လိုပါ။ သမ္မတ သက်တမ်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ဖူးသည့်၊ နိုင်ငံကို တကယ်ချစ်ခဲ့သည့်၊ ပညာကို တကယ်ချစ်ခဲ့သည့်၊ ကလေးငယ်များကို တကယ်ချစ်ခဲ့သည့် အိန္ဒိယ သမ္မတဟောင်း အကြောင်းကိုမူ ပြောလိုပါသည်။

အဗ္ဗဒူ ကလမ်ကို တံံငါလှေ ငှားစားသည့် ဖခင်က မွေးဖွားခဲ့ပြီး သာမန်မိသားစုမှ ကြီးပြင်းလာ သူ ဖြစ်သည်။ သူကိုယ်တိုင် ငယ်စဉ်က သတင်းစာရောင်းပြီး အိမ်ကို ကူခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံ အတွက် အရေးကြီးသော တာဝေးပစ်ဒုံးပျံများကို ဦးဆောင် တီထွင်ထုတ်လုပ်ခဲ့သူဖြစ်သဖြင့် “အိန္ဒိယ၏ မစ္စတာဒုံးပျံ” ဟု အမှတ်သညာပြုခံခဲ့ရသည်။ အိန္ဒိယ၏ ၁၁ ယောက်မြောက် သမ္မတ ဖြစ်ခဲ့ပြီး ၂၀၀၂ မှ ၂၀၀၇ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ဆွဲအိတ် နှစ်လုံးဖြင့် သမ္မတ နန်းတော်သို့ ရောက်ရှိလာခဲ့ပြီး ယင်းလက်ဆွဲအိတ်နှစ်လုံးဖြင့်သာ သမ္မတ နန်းတော်ထက်က ဆင်းခဲ့သူ ဖြစ်သည်။ သမ္မတဖြစ်စဉ်က သူများထက် ပိုကြီးသည့် ထိုင်ခုံတွင် ထိုင်ဖို့ ငြင်းဆန်ခဲ့သူ ဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ်ဖြစ်ပြီး၊ အိန္ဒိယစီမံခန့်ခွဲမှု သိပ္ပံတွင် စာပေသင်ကြားမှုပြုရင်း လဲကျသေဆုံးသွားခဲ့သည်။ နိုင်ငံရေးပါတီ၊ ဘာသာ၊ လူမျိုး မခွဲခြားဘဲ တစ်နိုင်ငံလုံးက ချစ်ခင်ခံခဲ့ ရသော၊ ပညာရေးနှင့် လူငယ်အရေးကို ဦးစားပေးခဲ့သော သမ္မတဟောင်းသည် ပြည်တွင်းတွင် ပြည်သူများ၏ ချစ်ခင်ကိုးစားမှုကို ရခဲ့သည်သာမက ကမ္ဘာ့ပြည်သူများ၊ ခေါင်းဆောင်များကလည်း လေးစားချစ်ခင်ခြင်း ခံရသူဖြစ်သည်။ သူ့အတွက် အမျိုးသားကြေကွဲမှု အထိမ်းအမှတ် တစ်ပတ်ကြာ နိုင်ငံအနှံ့ ဝမ်းနည်းကြေကွဲကြပေဦးမည်။ ဟိန္ဒူဦးရေ အများစုဖြစ်သော အိန္ဒိယတွင် သူသည် တမီလ်မွတ်ဆလင် တစ်ဦး ဖြစ်သော်လည်း အိန္ဒိယ၏ စာပေ၊ ယဉ်ကျေးမှုနှင့် မဟာဂီတတို့ကို လေ့လာခဲ့သူ ဖြစ်သည်။

“ဂုဏ်ထူးဆောင် သိပ္ပံပညာရှင်၊ စီမံခန့်ခွဲရေးမှူး၊ ပညာရှင်၊ စာရေးဆရာအဖြစ်နဲ့ သိပ္ပံပညာနဲ့ တီထွင်မှုတွေအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်သွားခဲ့တဲ့ ကလမ်ကို တစ်သက်လုံး သတိရနေမှာပါ” ဟု အိန္ဒိယ၏ လက်ရှိသမ္မတ ပရာနက်ဘ် မူခါဂျီးက ပြောသည်။

“သိပ္ပံပညာလောကအတွက် ကြီးစွာသော ဆုံးရှုံးမှု ဖြစ်ပါတယ်။ သူဟာ အိန္ဒိယကို ဂုဏ်သိက္ခာ ကြီးမြင့်စေခဲ့တယ်။ ရှေ့ဆောင် လမ်းပြခဲ့တယ်” ဟု အိန္ဒိယ၏ လက်ရှိဝန်ကြီးချုပ် နရိန္ဒြာ မိုဒီက ပြော သည်။

“အကြီးကျယ်ဆုံး သိပ္ပံပညာ ဉာဏ်ကြီးရှင်၊ ပညာတတ် နိုင်ငံပြုခေါင်းဆောင်၊ သူ့အလုပ် သူ့စွမ်းဆောင်ချက်တွေနဲ့ လူကြီးလူငယ် သန်းပေါင်းများစွာကို သူ့လိုဖြစ်အောင် စိတ်ခွန်အားပေး ဉာဏ်အလင်းပေး ခဲ့သူ စစ်မှန်တဲ့ မျိုးချစ်ခေါင်းဆောင်” ဟု ကလမ်ကို အိန္ဒိယ၏ လက်ရှိ အဓိက အတိုက်အခံပါတီ ခေါင်းဆောင် ဆိုနီယာဂန္ဒီကလည်း ချီးကျူးခဲ့သည်။

သူသည် သမ္မတ သက်တမ်းကုန်သည်နှင့် ကျေးလက်တောရွာရှိ စာသင်ကျောင်းများနှင့် ကောလိပ်များသို့ သွားရောက်ပြီး ကျောင်းသားလူငယ်များကို ဟောပြောပို့ချခြင်း၊ အိပ်မက်များကို အကောင်အထည် ဖော်နိုင်ရန် လက်တွေ့ချဉ်းကပ်နိုင်ပုံများကို ပြောပြခဲ့သည်။ နေ့စဉ်ဆိုသလို အထက်တန်းကျောင်းသားများက သမ္မတဟောင်းထံ အီးမေးလ် ရာနှင့်ချီရေးပြီး အကြံဉာဏ် တောင်းခံခဲ့သည်။

သမ္မတဟောင်းကလည်း လူငယ်များကို အရေးပေးသူပီပီ အီးမေးလ် အများစုကို ပြန်လည်ဖြေကြား အကြောင်းပြန်ခဲ့သည်။

မဇ္ဈိမသည် သူများ သမ္မတကောင်းကြောင်း၊ ကိုယ့်သမ္မတ မကောင်းကြောင်း နှိုင်းချိန်ယှဉ်ပြ ရေးသားလိုသည် မဟုတ်ပါ။ သမ္မတရုံံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကပင် သူ၏ မှူးဇော်အမည်ရှိ ဖေ့စ်ဘွတ် အကောင့်တွင် အဗ္ဗဒူ ကလမ်ကို အမှတ်ရ ချီးပထားပါသည်။ ဘယ်သူသေသေ ငတေမာပြီး ရောဟု ခံယူကြသည့် နိုင်ငံ့ခေါင်းဆောင်မျိုးထက် တိုင်းပြည်နှင့် လူထုကို ဘဝတစ်သက်တာလုံး အကျိုးပြု သွားသော၊ တိုင်းပြည်နှင့် လူထုကို နောက်တစ်ဆင့် အမြင့်သို့ရောက်အောင် တွန်းထိုး တင်သွားသော၊ တိုင်းပြည်နှင့် လူထု၏ အနာဂတ်ဟု ဆိုနိုင်သည့် ကျောင်းသားနှင့် လူငယ်များကို စိတ်ခွန်အားနှင့် ဉာဏ်အလင်းပေးခဲ့သော အဗ္ဗဒူ ကလမ်ကဲ့သို့ ခေါင်းဆောင်မျိုး၊ ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ ခေါင်းဆောင်မျိုးကိုသာ ပြည်သူများသည် တစ်သက်တာလုံး စိတ်ဝယ် ရင်ဝယ် နှလုံးဝယ်သာ အမှတ်ရနေ မည်ဖြစ်ကြောင်းကို မဇ္ဈိမသည် မီးမောင်းထိုးလိုရင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags