အစိုးရလုပ်ဆောင်နေသည့် ကိစ္စရပ်များကို ဝေဖန်ပြောဆိုနေမှုများ စနစ်ကျဖို့လိုကြောင်း ၀န်ကြီးချုပ်ပြော

အစိုးရလုပ်ဆောင်နေသည့် ကိစ္စရပ်များကို ဝေဖန်ပြောဆိုနေမှုများ စနစ်ကျဖို့လိုကြောင်း ၀န်ကြီးချုပ်ပြော

ရန်ကုန် ၊ မတ် ၂၄ ။          ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ကိစ္စရပ်များကို ဝေဖန်ပြောဆိုနေမှုများသည် စနစ်ကျဖို့ လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

"ပြောဆိုဆွေးနွေးမှုတွေဟာ နည်းနည်းစနစ်ကျဖို့ လိုပါတယ်၊ ပေါ်ပြူလာဖြစ်ဖို့ပဲ သတင်းမီဒီယာမှာ အကြောင်းအရာတစ်ခု ပါဖို့လောက်ဆိုရင်တော့ ကျွန်တော်တို့ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရဲ့ Mission ၊ Vision နဲ့ နည်းနည်း အလှမ်းဝေးသွားပါလိမ့်မယ်။ ဒီမိုကရေစီခေတ်ကြီးမှာ မီးလည်း မထွန်းနဲ့။ ဘာမှမလုပ်နဲ့ ။ ဖွံ့ဖြိုးရေးလည်း မလုပ်နဲ့လို့ လုပ်လို့မရပါဘူး" ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

ယနေ့ ရန်ကုန်တိုင်းအစိုးရရုံး၌ သင်္ကြန်ပွဲတော်ကျင်းပရေးနှင့်ပတ်သက်ပြီး ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲတွင် "တစ်ချို့ ကိစ္စရပ်များတွင် ထင်ရာမြင်ရာ ပြောနေခြင်းဖြစ်သည်" ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများအား ဝေဖန်သူများကို တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယမန်နေ့က ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းအစိုးရအဖွဲ့က လျှပ်စစ်မီးချွေတာမည်ဟု ပြောဆိုနေသော်လည်း ပြည်သူ့ဥယျာဉ်၌ မီးအလှပွဲတော်ကို ကျင်းပခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ဝေဖန်ပြောဆိုပြီးနောက် ၀န်ကြီးချုပ်က တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။  

အဆိုပါ မီးအလှပွဲတော်သည် ကိုယ်ပိုင်မီးစက်ဖြင့်သာ ပြုလုပ်ခြင်းဖြစ်ပြီး အစိုးရဘက်မှ လျှပ်စစ်မီးကို သုံးစွဲခြင်းမရှိကြောင်း ဒီမိုကရေစီနိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေလိုလျှင် ပွဲလမ်းသဘင်များဖြင့် စီးပွားရေးတိုးတက်အောင် လုပ်ဆောင်၍ ရရှိကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

အဆိုပါ မီးအလှပွဲတော်ကို ဒဂုံမြို့နယ် ပြည်သူရင်ပြင်တွင် ကျင်းပနေပြီး LED မီးလုံးပေါင်း သန်း ရ၀ ထွန်းညှိထားပြီး ပန်းအလှပုံ ၊ အသဲပုံ စသည့် အရုပ်ပုံများဖြင့် ပုံဖော်ထားသည်။ ယင်းပွဲတော်ကို မတ်လ ၁၉ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ကာ လူကြီး တစ်ဦးလျှင် ၃၀၀၀ ကျပ်၊ ကျောင်းသားတစ်ဦးလျှင် ၁၅၀၀ ကျပ် နှင့် ငါးနှစ်အောက် ကလေးများ အခမဲ့ကြည့်ရှုနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly