"ဒီရေတောတွေက ကျွန်တော်တို့ကို ထမင်းကျွေးနေတာ"

"ဒီရေတောတွေက ကျွန်တော်တို့ကို ထမင်းကျွေးနေတာ"
ကံငူကျေးရွာမှာ တွေ့ရတဲ့ ဒီရေတောကာကွယ်ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးကျော်ဝင်း။ ကံငူကျေးရွာဟာ ကမ်းရိုးတန်း တံငါရွာလေးဖြစ်ပြီးအခုဆိုရင် ဧက ၅ဝဝ ကိုကျေးရွာအစုအဖွဲ့ ပိုင်ဒီရေတော တည်ထောင်ထားပါတယ် (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

ရခိုင်ဒေသ ဒီရေတောထဲ စီးပွားဖြစ်ထင်းခုတ်၊ မီးသွေးဖုတ်သူတွေကို အရေးယူဖို့ လိုနေသေးကြောင်း ဒီရေတောကာကွယ်သူတစ်ဦးက ပြောလိုက်ပါတယ်

နိုင်ငံရေးသမားများလည်း ဒီရေတောကို အာရုံစိုက်ကြဖို့ လိုကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ ရခိုင်ဒေသတံငါသည်တစ်ဦးက ပြောလိုက်ပါတယ်။ ဂွမြို့နယ်၊ မကျည်းငူကျေးရွာအုပ်စု၊ ကံငူကျေးရွာက  ၆၂ နှစ်အရွယ် ဦးကျော်ဝင်းဟာ ကျေးရွာအဆင့် ဒေသတွင်း ဒီရေတော ကာကွယ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ သူတို့အဖွဲ့က ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းနဲ့ လက်တွဲဆောင်ရွက်နေတာပါ။ မကြာသေးခင်က Myanmar Now နဲ့ တွေ့ဆုံရာမှာ သူက ဒီရေတောတွေရဲ့ အရေးပါပုံများအကြောင်း ပြောပြထားပါတယ်။

မေး။ ။ပြန်လည်ထူထောင်ရေး မလုပ်ခင် ရွာပတ်ဝန်းကျင် ဒီရေတောတွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ ။ ဟိုးအရင်တုန်းက ဒီရေတောတွေကို ထိန်းသိမ်းတာမျိုး မလုပ်ခဲ့ပါဘူး။ သူခုတ်၊ ကိုယ်ခုတ်ပဲ။ ဒါပေမယ့် အဲ့ဒီအချိန်အထိ ဒီရေတောတွေက ကောင်းတယ်ဗျ။ အခုထက် ၂ ဆကောင်းတယ်။ စီးပွားဖြစ် မီးသွေးတွေ လာဖုတ်တော့မှ အကုန် မျိုးသုဉ်းကုန်တာ။ ဧရာဝတီတိုင်း၊ လပွတ္တာဘက်ကနေ အများအားဖြင့် လာဖုတ်ကြတာ။ ၂ဝဝ၉ ခုနှစ်လောက် စပြီးသူတို့ ဝင်လာတာပေါ့။ အခုလက်ရှိထိတောင် လာဖုတ်နေကြတာပဲ။ သူတို့နားလည်မှုတွေနဲ့ ခုတ်ပြီးဖုတ်နေကြတာ။ ဟိုးအရင် က တုတ်ပင် (ဒီရေတောအပင်တမျိုး) ဆိုအကြီးကြီး။ အခု လက်မောင်းလုံးလောက် အပင်မျိုးတောင် မတွေ့တော့ဘူး။ အခုချိန်ထိ သစ်မှောင်ခိုလုပ်ငန်း လုပ်နေကြတုန်း။ လှေ လေးငါးစီးနဲ့ လာလာ ခိုးခုတ်နေကြတာ။

မေး။ ။ ထင်း၊ မီးသွေးအတွက် အပင်ခုတ်တာ ဒေသခံတွေရော မပါဘူးလား။

ဖြေ။ ။ မဟုတ်ဘူးဗျ။ ကိုယ့်ဒေသက လူတွေကနားလည်လာပြီ။ မလုပ်ကြတော့ဘူး။ ဧရာဝတီတိုင်းဘက်ကနေ လာကြတာ။ သူတို့ခုတ်နေတာကို သိလို့ သွားတားတဲ့ အခါမှာတော့ သူတို့ မလုပ်တော့ပါဘူးဆိုပြီး ပြန်ပြောတယ်။ ဒါပေမယ့် ကွယ်ရင်တော့ လုပ်နေကြတာပဲ။ ကျွန်တော်တို့ကလည်း မလုုပ်ဖို့ တားနေတာကို ဆက်လုပ်ရင်တော့ ရိုက်ဖို့ပဲရှိတယ်။ တခါတလေ ခိုးခုတ်နေတာကို ကျွန်တော်တို့မိလို့ လှေရော၊ လူရော လက်ရဖမ်းပြီး သစ်တောဌာနကို အပ်လိုက်တယ်၊ ကျွန်တော်တို့ ပြန်လာတာနဲ့ ခုတ်တဲ့ သူတွေကို ခုတ်တဲ့ ရဲတင်းတွေကအစ အကုန်ပြန်ပေးပြီး လွှတ်ပေးလိုက်တယ်။ ကျွန်တော်တို့က ကိုယ်အရိပ်တကြည့်ကြည့်နဲ့ ပြန်ထူထောင်ထားတဲ့ အပင်ကို သူတို့လာခုတ်တော့ ကျွဲမြီးတိုတာပေါ့။ အဲ့ဒီလိုသာ ကျွန်တော်တို့ကဖမ်း၊ သက်ဆိုင်ရာက ပြန်လွှတ်ဆိုရင် ကျွန်တော်တို့ ထူထောင်ထားတဲ့အပင် အဲ့ဒီလူတွေခုတ်တာ ဘယ်ခံတော့မလဲ။ ကျွန်တော်တို့ တစ်ရွာထဲ ဒီတစ်တောလောက်ကို နှစ်ရက်ခုတ်တာတင် ကုန်တယ်။ ကျွန်တော်တို့ ရွာသားတွေ အခု ထင်းဆိုက်တာဆို အုန်းလက်ခြောက်၊ အုန်းသီးခွံတွေ၊ ဒီရေတောပင် မဟုတ်တဲ့ ကိုယ့်မြေလေးတွေမှာ စိုက်ထားတဲ့ အပင်လေးတွေ၊ ဗာဒံပင်လေးတွေ။ နောက်ဆုံး လုပ်စရာက ဥပဒေမဲ့ တားဖို့ပဲ ရှိတော့တယ်၊ ကျွန်တော်တို့ ထောင်ကျခံလိုက်ကြဖို့ပဲ ရှိတယ်။ တစ်ယောက်လောက်ကို ဥပမာအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်။ ဒီရေတောခုတ်လို့ ထောင်ကျတယ်ဆိုတဲ့ အသံထွက်လာမှ ထပ်မလုပ်ရဲကြတော့မှာ။

မေး။ ။ ဒီရေတောထိန်းသိမ်းရင် ဘာအကျိုးအမြတ်ရမယ်ဆိုတာ ခုတ်တဲ့သူတွေကို မပြောပြဘူးလား။

ဖြေ။ ။ ပြောတယ်၊ အတန်တန်ပြောတယ်၊ ချောင်းဖျားမှာ မီးသွေးဖုတ်နေတဲ့သူတွေကို မီးသွေးမဖုတ်နဲ့၊ ကျွန်တော်တို့ ဒီရေတောထိန်းသိမ်းဖို့နဲ့ ပတ်သက်ပြီး ရတဲ့ရန်ပုံငွေတွေနဲ့ ငွေကြေးထုတ်ပေးမယ်၊ ကွမ်းခြံတွေဘာတွေလုပ်၊ ငါးလုပ်ငန်းလုပ်ဖို့ ပိုက်၊ လှေမရှိရင် ဝယ်ပေးမယ်၊ အဲ့ဒါတွေနဲ့လုပ်စား၊ ထင်း၊ မီးသွေးဘက်ကို စိတ်မကူးပဲ လုပ်ငန်းပြောင်းလုပ်ဖို့။ ထင်းခုတ်စားတာ တစ်နေကုန်ခုတ်မှ ငါးထောင်လောက်ရတာ။ အခုဒီရေတောကို ထိန်းဖို့ ထောက်ပံ့ပေးတဲ့ ရန်ပုံငွေနဲ့ လုုပ်ကိုင်လာတာဆို အရင်တုန်းက ဒီလိုငါးဖမ်းလေ ှ(ကမ်းနီးငါးဖမ်းလှေ) ဆိုတာ မြင် တောင်မမြင်ဖူးခဲ့ဘူး။ ဒီလိုလှေ ပိုင်ခဲ့မယ်လို့ မျှော်လင့်ချက်တောင် မထားနိုင်ခဲ့ဘူး။ အခုရှိနေတဲ့ရွာက အိမ်တွေဆို CLEAR စီမံကိန်း (နိုင်ငံတကာ အစီအစဉ်တစ်ခုဖြစ်တဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ရဲ့ ၂ဝ၁၂ - ၂ဝ၁၄ စီမံကိန်း) ကျပြီးနောက်ပိုင်းမှ ဆောက်လာနိုင်ခဲ့တာ။ အရင်တုန်းက တဲသာသာ အိမ်ကလေးတွေ။

မေး။ ။ အရင်တုန်းက ဘာလုပ်ငန်းလုပ်ခဲ့လဲ။

ဖြေ။ ။ အရင်တုန်းက ကျွန်တော်က တံငါလုပ်ငန်းပဲ လုပ်တာ။ ကျွန်တော်တို့မှာ ဥယျာဉ်မရှိဘူး။ လယ်မရှိဘူး။ ပင်လယ်မှာ ရာသီဥတုကောင်းရင် ငါးဖမ်းလိုက်တယ်။ ရာသီဥတုမသာရင် ချောင်းထဲ ငါးလိုက်ဖမ်းတယ်။ ထင်းခုတ်ရောင်းတယ်။ အရင်တုန်းက လက်လှော်လှေ ခပ်သေးသေးလေးတောင်မှ မပိုင်ဘူး။ ငှားလုပ်ရတာ။ တရွာလုံးမှာမှ ၅ စီးလောက်ပဲရှိတာ။ လှေမရှိသူက တနေ့ ၅ဝဝပေးငှား။ ငါးရှာတာမှာမှ တနေကုန်ရှာ ၃ဝဝပဲရလို့ လှေငှားခ ၃ဝဝပဲပေးတော့ စကားတွေကများ ကြနဲ့။ အဲ့ဒီလိုဘဝတွေ အမျိုးမျိုးကြံုခဲ့ရတာ။ စီမံကိန်း ကျပြီးနောက်ပိုင်း စက်လှေ ဝယ်နိုင်လာခဲ့တယ်။ ပင်လယ်ကို တခေါက်ထွက်သွားရင် ကျပ်သိန်း ၁၅၊ ၂ဝ ဆိုတာ ရလာတယ်။ အမျိုးသမီးတွေတောင် ပင်လယ်ငါးဖမ်းလှေပြန်ရောက်လို့ ငါးခွဲကြေးရတာ တခါတလေ တစ်ရက်တည်းနဲ့ သုံးသောင်းလောက်အထိ ရကြတယ်။

မေး။ ။ ဌာနဆိုင်ရာတွေက ဒီရေတော ထိန်းသိမ်းဖို့ ပြောပြ၊ စည်းရုံးတာမျိုးရှိလား။

ဖြေ။ ။ ဘာတစ်ခုမှမရှိဘူး။ အဓိကကတော့ သစ်တောဌာနပဲ။ ကျွန်တော်တို့ကို ကြက်၊ ကြက်ချင်းအိုးမဲသုတ်ပြီး ခြင်းထောင်တခုထဲထည့် ခွပ်ခိုင်းတဲ့ သဘောမျိုးဖြစ်နေတယ်၊ ဖိအားလေးတော့ နည်းနည်းပေးပါလို့ (ဝန်ကြီးတစ်ယောက်ကို) တင်ပြခဲ့ဖူးတယ်။ ဘာ့ကြောင့်လဲဆို ခုတ်နေတဲ့သူတွေကို ကျွန်တော်တို့က သွားပြောတယ်။ မခုတ်နဲ့ပေါ့။ အဲ့ဒီတော့ တယောက်နဲ့ တယောက် ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်ရမယ့် အခြေအနေမျိုး ဖြစ်နေတယ်။ သူတို့ဆီကို အထောက်အထားတွေနဲ့ တင်ပြတယ်။ အရေးယူမပေးဘူး။ အဲ့ဒီတော့ ခုတ်ကွာ၊ ဟိုရောက်လည်း ငါတို့ကို ပြန်လွှတ်ပေးတာပဲဆိုတာ ဖြစ်လာတယ်။

မေး။ ။ လွှတ်တော်ကိုယ်စားလှယ်တွေကိုရော တင်ပြတောင်းဆိုတာမျိုး မလုပ်ဖူးလား။

ဖြေ။ ။ လုပ်ပါတယ်။ သူတို့ကတော့ လွှတ်တော်မှာ တင်ပြပေးမယ်ပေါ့။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရွာတွေဘက်လာပြီး ဒီရေတောကာကွယ်ဖို့ ပြောတယ်။ အခု လွှတ်တော်ကိုယ်စားလှယ် အသစ်တွေတော့ ကျွန်တော်တို့ဘက်ကို တစ်ယောက်မှ မရောက်လာကြသေးဘူး။ တွေ့တော့ ကျွန်တော်တို့က ပြောပြလည်း သူတို့ဘက်က သိပ်အရေးမလုပ်ဘူး။ သူတို့မှာလည်း ပါတီအစွဲလေးတွေနဲ့ ပေါ့ဗျာ။

မေး။ ။ရွေးကောက်ပွဲတုန်းက ဘယ်ပါတီက အမတ်လောင်းကို မဲပေးခဲ့လဲ။

ဖြေ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုပဲ မဲပေးခဲ့တာ။ တစ်ရွာလုံးလည်း ပြည်ခိုင်ဖြိုးကိုပဲ ပေးခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ခိုင်ဖြိုးလက်ထက်မှာ ကျွန်တော်တို့ကို ဒီရေတောနဲ့ ပတ်သက်ပြီး သူတို့ခွင့်ပြုချက်နဲ့ပဲ ချပေးခဲ့တာ။ အဲ့ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့ရွာဟာ ပြောင်းလဲတိုးတက်လာတာ။

မေး။ ။ အစိုးရအဖွဲ့အစည်းတွေ၊ လွှတ်တော်အမတ်တွေကို ဘာပြောချင်တာရှိသလဲ။

ဖြေ။ ။ ဒီရေတောနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ ထိန်းသိမ်းထားတာတွေကို နှောင့်ယှက်မှု မရှိရင် အကျေနပ်ဆုံးပဲ။ ဘာလို့လဲဆိုတော့ ထိန်းသိမ်းရင် အပင်တွေကြီးလာမယ်၊ နိုင်ငံခြားသားတွေနဲ့ ဒီရေတောထိန်းသိမ်းမှုကို တွဲလုပ်ရင်း သိလာတာက ဒီရေတောထိန်းသိမ်းထားလို့ နောင်မှာ နိုင်ငံတကာကငွေကြေး (စိုက်ပျိုးသစ်တော ကာဗွန်ထိန်းသိမ်းနိုင်မှုကြောင့် ပေးအပ်တဲ့ နိုင်ငံတကာ လျော်ကြေးငွေ)တွေ ရလာမယ်ဆိုတဲ့ သတင်းစကားတွေကြောင့် မျှော်လင့်ချက် ရှိလာတယ်။ နောက် ကျွန်တော်တို့ ရည်ရွယ်ချက်ကိုက ဒီရေတောကို ထိန်းသိမ်းမယ်၊ ပိုကောင်းသထက် ကောင်းမွန်အောင် လုပ်မယ်၊ ထောက်ပံ့ထားတဲ့ ငွေကြေးကို ကျွန်တော်တို့က အလွဲသုံးစား မလုပ်ဘဲနဲ့ ထိန်းသိမ်းရေးကို အားစိုက်လုပ်နေတာကို သူတို့မြင်မယ်၊ နောက်မျိုးဆက်တွေကိုလည်း ဒါကို ဆက်ထိန်းသိမ်းရမယ့် အမွေပေးမယ်ဆိုတာပဲ။ အရင်ကရွာမှာ ၄ တန်းအောင်ဆိုတာ ခပ်ရှားရှား။ အခုဆို ၉ တန်း၊ ၁ဝတန်းတွေရှိလာတော့ ကျွန်တော်တို့ အားဖြစ်ရတယ်။ အရင်က ကျောင်းမထားနိုင်ကြဘူး၊ ကျောင်းသွားဖို့ အကျႌဖိုး၊ မုန့်ဖိုးမရှိဘူး။ ဟိုဘက်ကမ်းမှာ သွားတက်ဖို့ မိဘဆင်းရဲတော့ မထားနိုင်ဘူး။ သားရေကျောင်းသွားတက်ပါလားဆိုရင် အဖေတစ်ယောက်တည်း လှေလှော်ပြီး ငါးဖမ်းလို့ရမလား၊ သားပါလိုက်ကူညီမှ ရမှာပေါ့နဲ့ နောက်ဆုံး တံငါလေးပဲဖြစ်ကရော။ ကျွန်တော် စိတ်ပျက်တာက အခုဟိုမှာ ခုတ်နေတယ်၊ ဒီမှာခုတ်နေတယ်ကြားလို့ လိုက်ရလည်း ကျွန်တော်တို့ လူလေးလေးငါးခြောက်ယောက်ပဲ။  ခုတ်တာကို အရေးမယူပေးတော့ လိုက်ဖို့ကို စိတ်ပျက်လာကြတယ်။ လိုက်တားရင် မတော်ဓားနဲ့ ခုတ်တော့ ဘယ်လိုလုပ်မလဲ၊ လောက်လေး (လေးခွ) နဲ့ပစ်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်ကတော့ အသက်သေပစေ၊ ကိုယ်ရွာဖွံ့ဖြိုးရေးအတွက် လိုက်ထိန်းသိမ်းမှာပဲ။

မေး။ ။ ဒီရေတောကို အခုလို ထိန်းသိမ်းနေလုုိ့ ဘာအကျိုးကျေးဇူးတွေ ရမလဲ။

ဖြေ။ ။ ဒီရေတောတွေက ကျွန်တော်တို့ကို ထမင်းကျွေးနေတာ။ ဒါကို ထိန်းတာကြောင့် ငါး၊ ပုဇွန်၊ ဂဏန်း၊ ဂုံးတွေ ပေါများလာတယ်။ ကျွန်တော့်မှာ အခက်အခဲရှိလာရင် တောထဲသွား၊ ဂုံးရှာရောင်းစားတော့ ထမင်းစားဖို့တော့ ရတာပဲ။ အဲ့ဒါကြောင့် ဒီမသမာသူတွေ လာခုတ်နေတာကို စိတ်တအားတိုနေတာ။ ကျွန်တော့်မှာ ပိုက်ဆံမရှိရင် ဒီတောထဲမှာ သွားရှာနေရတာ။ ဂုံးကောက်၊ မရွတ်(စေတီခရု)ကောက်၊ ဂဏန်းထောင်၊ ငါးမျှား၊ နောက်ဆုံး အိမ်အသုံးအဆောင်နဲ့ပဲဖြစ်ဖြစ်၊ ပင်လယ်ထွက်မယ့် လှေအတွက် ကျောက်ဆူးကအစ၊ သိသိသာသာလာပြော၊ ခိုးမခုတ်နဲ့။ သစ်သားကျောက်ဆူးတစ်လက်ကို လေးငါးသောင်းဖြစ်နေလို့ မဝယ်နိုင်ဘူးဗျ။ ဒီရေတောက ကျွန်တော်တို့ရဲ့ အမိ၊ အဖတွေလိုု့ကို ကျွန်တော်ခံယူထားတယ်၊ ဒီရေပင်တွေကို လာလာခုတ်နေတာ ကျွန်တော်တို့ရဲ့ အမိ၊ အဖတွေကို တုတ်နဲ့ လာရိုက်နေသလိုကို ခံစားမိတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly