လက်စတာနည်းပြဟောင်း ရာနီရေရီကို ရွှေခုံတန်းဆုပေးအပ်ရန် အီတလီဘောလုံးအဖွဲ့ချုပ်ရွေးချယ်

လက်စတာနည်းပြဟောင်း ရာနီရေရီကို ရွှေခုံတန်းဆုပေးအပ်ရန် အီတလီဘောလုံးအဖွဲ့ချုပ်ရွေးချယ်

မတ် ၂၄၊ အီတလီ ။              ။ အီတလီလူမျိုးနည်းပြ ရာနီရေရီဟာ လက်စတာလို အသင်းငယ်လေးကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင် ခဲ့တာကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်က အထူးဂုဏ်ပြုတဲ့အနေနဲ့ ရွှေခုံတန်းဆုကို ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။

လက်စတာအသင်းဟာ ၂၀၁၅-၁၆ ရာသီမစတင်ခင်က ဗိုလ်စွဲဖို့ ရေပန်းစားမှုမှာ ၅၀၀၀ လေး ၁ လေးသာ ဘွတ်ကီဒိုင်တွေက ကြေးဖွင့်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ပွဲကစားခဲ့ရာမှာတော့ ၃ ပွဲသာ ရှုံးခဲ့ပြီး ၂၃ ပွဲနိုင်၊ ၁၂ ပွဲသရေကျကာ ရမှတ် ၈၁ မှတ်နဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

လက်စတာအသင်းဟာ ဒုတိယနေရာက အာဆင်နယ်အသင်းကို ၁၀ မှတ်အထိဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တာပါ။

နည်းပြရာနီရေရီဟာ လက်စတာလိုအသင်းငယ်ကို ဦးဆောင်ပြီး အားလုံးအံ့အားသင့်အောင်စွမ်းဆောင်ပေးနိုင်ခဲ့လို့ ဘီဘီစီရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သလို ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုလည်း ရခဲ့ပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ကလည်း ထူးခြားတဲ့အောင်မြင်မှုရယူနိုင်ခဲ့တဲ့ သူတို့ရဲ့နိုင်ငံသားရာနီရေရီကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ရွှေခုံတန်းဆုကို ပေးအပ်ချီးမြှင့်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Golden Bench ဆိုတဲ့ ရွှေခုံတန်းဆုဟာ တကယ်တော့ စီးရီးအေမှာ အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ နည်းပြတွေကိုသာ ပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာ အီတလီအသင်းကို ချန်ပီယံဆုကြီးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ နည်းပြလစ်ပီကို အထူးဂုဏ်ပြုတဲ့အနေနဲ့ ပထမဆုံးဆုပေးအပ်ခဲ့ဖူးပါတယ်။

ရာနီရေရီကတော့ အီတလီနိုင်ငံသားတစ်ဦးအနေနဲ့ ခက်ခဲတဲ့အောင်မြင်မှုရယူနိုင်ခဲ့လို့ စီးရီးအေက နည်းပြမဟုတ်ပဲ ရွှေခုံတန်းဆုကို ရရှိမယ့် ဒုတိယမြောက်နည်းပြဖြစ်လာခဲ့ပါတယ်။ လာမယ့်တနင်္လာနေ့မှာ အီတလီအသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ရာနီရေရီကို ဆုပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly