အဆင့်မြှင့်လယ်ယာစီမံကိန်းကိစ္စ ပုဂ္ဂိုလ်စွဲကင်းရှင်းကြောင်း ၀န်ကြီးချုပ်ဆို

အဆင့်မြှင့်လယ်ယာစီမံကိန်းကိစ္စ ပုဂ္ဂိုလ်စွဲကင်းရှင်းကြောင်း ၀န်ကြီးချုပ်ဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ၊ မတ် ၂၄ ။             ။ လယ်ယာကဏ္ဍ တိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် ရန်ကုန်တိုင်းအစိုးရက ဦးဆောင်ပြီး အဆင့်မြှင့်လယ်ယာစီမံကိန်းကို အကောင်အထည်ဖော်ရန် ဘတ်ဂျက်များ ချထားပေးရာ၌ ပုဂ္ဂိုလ်စွဲ နယ်မြေစွဲ ကင်းရှင်းကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

အစိုးရမှ  ရင်းနှီးမြှုပ်နှံငွေ ကျပ် ၈ ဘီလျံ သုံးစွဲသွားမည့် အဆင့်မြှင့်လယ်ယာစီမံကိန်းတွင် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဲဆန္ဒနယ် လှည်းကူးမြို့နယ်မှ လယ်မြေဧက ၁၅၅၅ ဒဿမ ၂၉ ဧက အတွက် ဘတ်ဂျက်၏ ၄၀ ဒဿမ ၈၁ ရာခိုင်နှုန်း ရရှိခဲ့ပြီးနောက် တိုင်းလွှတ်တော် ကိုယ်စားလှယ်များအကြား ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုဟာ စေတနာနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ အဲ့ဒီစေတနာဆိုတာ လူပုဂ္ဂိုလ် အစွဲအလမ်း နယ်မြေအစွဲအလမ်း ပါလို့မရပါဘူး၊ တကယ်ကို အကျိုးဖြစ်ထွန်းမယ့်နေရာကိုပဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ယနေ့ မတ်လ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယင်း အဆင့်မြှင့်လယ်ယာစီမံကိန်းနှင့် ပတ်သက်ပြီး ၀န်ကြီးချုပ်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လှည်းကူးမြို့နယ်တစ်ခုတည်းမှ ဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းရရှိမှုအပေါ်  ယမန်နေ့က မေးခွန်းထုတ်ခဲ့သည်။

"စပါးစိုက်ပျိုးတဲ့ မြို့နယ်တွေ အားလုံးကိုတော့ အချိုးကျအညီအမျှ ခွဲဝေခြင်းမဟုတ်ဘဲ လှည်းကူးမြို့နယ် ကတော့ ၄၀ ဒဿမ ၈၁ ရာခိုင်နှုန်းကိုယူပြီး ကျန်တဲ့ ရ မြို့နယ်ကိုတော့ အနည်းငယ်စီ ခွဲပေးခဲ့တာကို တွေ့ရှိခဲ့ပါတယ်၊ ဒါဟာ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်တဲ့ မြို့နယ်တွေကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေဖို့ စေတနာရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်" ဟု ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ယမန်နေ့က ကျင်းပခဲ့သည့် လွှတ်တော်၌ ဝေဖန်ပြောဆိုခဲ့သည်။

သို့သော် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက "မြို့သစ်စီမံကိန်းကြီး ဆောင်ရွက်မယ့်နေရာကို နှစ်သီးစားသွားလုပ်ရင် ဒီငွေတွေက ဆုံးရှုံးသွားမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဆောင်ရွက်မှုအားလုံးဟာ ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲ၊ အယူအဆစွဲ ကင်းပြီးတော့ တကယ်ကို ပြည်သူကိုဗဟိုပြုပြီး တောင်သူလယ်သမားတွေရဲ့ဘဝကို ရှေးရှုပြီး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်" ဟု ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။     

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly