လွှတ်တော်အမတ်ဟောင်းကို ရုရှက လာရောက်လုပ်ကြံသွားခြင်းက နိုင်ငံတော်အကြမ်းဖက်မှုဟု ယူကရိန်းစွပ်စွဲ

လွှတ်တော်အမတ်ဟောင်းကို ရုရှက လာရောက်လုပ်ကြံသွားခြင်းက နိုင်ငံတော်အကြမ်းဖက်မှုဟု ယူကရိန်းစွပ်စွဲ

ကိဗ်၊ မတ် ၂၄ ။           ။ ယူကရိန်းနိုင်ငံက ကိဗ်မြို့တော်တွင် ရုရှလွှတ်တော်အမတ်ဟောင်းတစ်ဦး လုပ်ကြံခံရမှု၌ ရုရှက နောက်ကွယ်ကပါ၀င်နေကြောင်း ယူကရိန်းက စွပ်စွဲကာ နိုင်ငံတော်အကြမ်းဖက်မှုကို ရုရှတို့ ကျုးလွန်လိုက်ခြင်းပဲဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ရုရှ ဒူးမားလွှတ်တော်မှ ကွန်မြူနစ်ပါတီအမတ်ဟောင်း ဒန်းနစ်ဗောရွန်နင်ကော့ဗ်ကို ကိဗ်မြို့ရှိ ဇိမ်ခံဟိုတယ်မှ သက်တော်စောင့်အခြံအရံနှင့် ထွက်လာစဉ် လုပ်ကြံသွားခဲ့ခြင်းဖြစ်သည်။ “ရုရှက နိုင်ငံရေး အရေးအရာတွေကြောင့် စွန့်ခွာလာခဲ့တဲ့ ဒန်းနစ်ကို လူမြင်ကွင်းမှာ သတ်ဖြတ်ခြင်းဟာ နိုင်ငံတော်အကြမ်းဖက်မှုတစ်ရပ်ကို ရုရှက ကျုးလွန်လိုက်တာပဲ ဖြစ်တယ်။”ဟု ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုက တရားဝင်ဖေ့ဘုတ်တွင် ပို့စ်ရေးသားသည်။

“ဒန်းနစ်ဟာ ယူကရိန်းအပေါ် ရုရှရဲ့ ကျုးကျော်ရန်စမှုတွေကို သိမြင်ထားတဲ့ သူတစ်ဦးပါ။”ဟု ၎င်းက ရေးသားသည်။

သို့သော် ခုစွပ်စွဲချက်များက ယုတ္တိမတန်ကြောင်း ရုရှဖက်က ပြန်လည်ထိုးနှက်သည်။

ကိဗ်မြို့လယ်တွင် မတ် ၂၃ ရက် နံနက် ဆယ့်တစ်နာရီခွဲက ဖြစ်ပွားခဲ့သော  ထိုလုပ်ကြံမှုတွင် ဒန်းနစ်၏ သက်တော်စောင့်များနှင့် အပြန်အလှန်တိုက်ခိုက်၍ လုပ်ကြံသူလည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

သက်တော်စောင့်များတွင်လည်း ဒဏ်ရာရမှုများ ရှိရာ လုပ်ကြံတိုက်ခိုက်သူနှင့်အတူ ဆေးရုံတွင် အစောင့်အကြပ်ဖြင့် တင်ထားကုသလျက်ရှိသည်။

ဒန်းနစ်သည် ၂၀၁၆ ဒီဇင်ဘာအတွင်းက ယူကရိန်းနိုင်ငံသို့ ထွက်ပြေးလာခဲ့ပြီး ရုရှပတ်စ်ပို့ကို စွန့်လွှတ်လိုက်ကာ ယူကရိန်းနိုင်ငံသားအဖြစ် ခံယူခဲ့သည်။

၎င်းသည် ၂၀၁၄ ခုနှစ်အတွင်းက ခရိုင်းမီးယားအား ရုရှ၏ ကျုးကျော်သိမ်းပိုက်ခဲ့ခြင်းကိုလည်း ဝေဖန်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly