မန်းရွှေစက်တော်ဘုရားပွဲကာလ ၀န်ထမ်းစားရိတ် ကျပ်သိန်း ၈၀၀ကျော် သုံးစွဲခဲ့

မန်းရွှေစက်တော်ဘုရားပွဲကာလ ၀န်ထမ်းစားရိတ် ကျပ်သိန်း ၈၀၀ကျော် သုံးစွဲခဲ့

မင်းဘူး၊ မတ်လ ၂၃ ။             ။ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း ဘုရားတွင် လာရောက်တာဝန်ယူ လုပ်ကိုင်နေသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဘုရားကြီးမှ ခန့်အပ်ထားသည့် ဝန်ထမ်းများအတွက် ဘုရားကြီးဘဏ္ဍာငွေမှ နေ့စဉ် တစ်ဆယ့်တစ်သိန်းခြောက်သောင်းကျော် သုံးစွဲနေရပြီး ပွဲတော်ပြီးသည် အထိ ကျပ်သိန်း ရှစ်ရာကျော်ခန့် သုံးစွဲရကြောင်း   ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ဘုရားပွဲတော် ဖွင့်ပွဲနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ပိတ်ပွဲ ဧပြီလ ၁၇ ရက်နေ့အထိ လာရောက်တာဝန်ယူ လုပ်ကိုင်နေသည့် ဝန်ထမ်းစုစုပေါင်း ၂၇၆ ဦးအတွက် ဘုရားကြီးဘဏ္ဍာငွေမှ ခန့်မှန်းချေ ကျပ်သိန်းပေါင်း(ရှစ်ရာကျော်) သုံးစွဲရနိင်ကြောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းထံမှ သိရသည်။

“ကျွန်တော်တို့ ဂေါပကအဖွဲ့နဲ့ အဖွဲ့က ခန့်အပ်ထားတဲ့ ဝန်ထမ်းနဲ့ စာရေးတွေမပါဘဲ ပွဲတော်ကာလအတွင်း တာဝန်ယူလုပ်ကိုင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို တစ်ရက် သုံးထောင်ငါးရာကျပ်နဲ့ အရပ်ဘက် ဝန်ထမ်းတွေကို တစ်ရက် ငါးထောင်ကျပ်နှုန်း နေ့စဉ် တစ်ဆယ့်တစ်သိန်းခြောက်သောင်း တစ်ထောင်ကျပ် ရှင်းပေးရပါတယ်ဟု ဥက္ကဋ္ဌ ဦးမြင့်သိန်းက မဇ္ဈိမသို့ ပြောသည်။

မန်းရွှေစက်တော်ဘုရားကြီးတွင် လာရောက်တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ ၁၀၆ ဦး၊ ယာဉ်ထိန်း ၆ ဦး၊ ကျန်းမာသန့်ရှင်းဝန်ထမ်း ရ၀ ဦး၊ မီးသတ်တပ်ဖွဲ့နှင့်အရံမီးသတ် ၆၀ ဦး၊ လူဝင်မှုကြီးကြပ်ရေးမှ ဝန်ထမ်း ၁၀ ဦး၊ လျှပ်စစ်ဝန်ထမ်း ၂၅ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၅ ဦး၊ကျန်းမာရေးဆေးပေးခန်း ကြီးကြပ် ၄ ဦးနှင့် ဝန်ထမ်း  ၆ ဦး စုစုပေါင်း ၂၇၆ ဦး ဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်အား ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း(၇၆)ရက် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly