​ အဲကွန်းမပါ YBS ယာဉ်များတွင် ခရီးစဉ်အပိုင်းလိုက် ၁၀၀ကျပ် ပြောင်းလဲကောက်ခံမည်

​ အဲကွန်းမပါ YBS ယာဉ်များတွင် ခရီးစဉ်အပိုင်းလိုက် ၁၀၀ကျပ် ပြောင်းလဲကောက်ခံမည်

ရန်ကုန်၊ မတ် ၂၃ ။            ။ ရန်ကုန်မြို့အတွင်း အဲကွန်းမပါဘဲ ပုံသေ ကျပ်နှစ်ရာဖြင့် ပြေးဆွဲနေသည့် YBS ဘတ်စ်ကားများကို တစ်ရာကျပ်ပြောင်းလဲကောက်ခံရန် စီစဉ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက မဇ္ဈိမသို့ ပြောသည်။

အဲကွန်းမပါသည့် ဘတ်စ်ကားများတွင် ခရီးစဉ် ၃ ပိုင်းခွဲပြီး ခရီးစဉ်တစ်ပိုင်းလျှင် ၁၀၀ ကျပ် နှုန်း ပြောင်းလဲကောက်ခံမည်ဖြစ်ပြီး ခရီးစဉ် အစမှ အဆုံးထိ ၃ ပိုင်းလုံး စီးနင်းပါက ၂၀၀ ကျပ်သာ ကျသင့်မည်ဖြစ်သည်။

ခရီးစဉ်ရှည်သည့် ဘတ်စ်ကားများတွင်မှု ခရီးစဉ်အပိုင်း ၄ ပိုင်းခွဲ ကောက်ခံမည်ဖြစ်ကြောင်း ဒေါက်တာသန်းဝင်းက ပြောသည်။

“ ၁၀၀ ပဲ ။ အဲကွန်းမပါတဲ့ကားတွေ၊ ကျန်တာတွေကတော့ပုံမှန်အတိုင်းပဲ၊ ပုံမှန်မြို့တွင်းဆွဲနေတဲ့ ၅၇တို့ ကတော့ ၁၀၀ပဲ။  အဲကွန်းမပါဘဲ ၂၀၀ နဲ့ပြေးဆွဲနေတဲ့ကားတွေကို လုပ်မှာ။ အမြန်ဆုံးစဖို့ လုပ်နေတယ်”ဟု ၄င်းက ပြောဆိုသည်။

အဲကွန်းပါရှိသည့်ကားများမှာမူ ပုံသေ ၂၀၀ ကျပ်သာဖြစ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

အလားတူ ရန်ကုန်မြို့တွင်း ၆ မြို့နယ်သို့ ပုံသေတစ်ရာကျပ်ဖြင့် ပြေးဆွဲပြေးနေသည့် ၅၇၊ ၅၈ စသည့်ယာဉ်လိုင်းများကတော့ ယာဉ်စီးခ ပြောင်းလဲခြင်း ရှိမည် မဟုတ်ပေ။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အနေဖြင့် အဆိုပါ စနစ်ကို အမြန်ဆုံး လုပ်ဆောင်မည်ဖြစ်ပြီး စတင်မည့်ချိန် ပြောဆိုခဲ့ခြင်းမရှိပေ။

လက်ရှိ YBS အဖြစ် ပြေးဆွဲနေသောကားအများစုမှာ ယခင် မထသလက်ကျန်ကားဟောင်းများဖြစ်ပြီး ယာဉ်လိုင်းများအားလုံးကို အဆင့်မြှင့်တင်မှုအနေဖြင့် ပထမသုံးလအတွင်း ကားသစ်များဖြင့် အသစ်ဝယ်ယူပြေးဆွဲရမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် သုံးလတစ်ကြိမ် အဆင့်မြှင့်တင်မှု ပြုလုပ်မည်ဖြစ်ပြီး YBS စနစ်သို့ ပထမအဆင့်ပြောင်းလဲပြီးနောက်   ယခု ဒုတိယအဆင့်အနေဖြင့် YBS အများပိုင်ကုမ္ပဏီများမှ ဧပြီလတွင် ကားသစ်များဖြင့် လဲလှယ် ပြေးဆွဲရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly