မန္တလေးက သေနတ်ကျည် ထိမှန်သေဆုံးသည့်ဖြစ်စဉ် လုပ်ကြံမှုမဟုတ်ဟု ရဲချုပ် ပြော

မန္တလေးက သေနတ်ကျည် ထိမှန်သေဆုံးသည့်ဖြစ်စဉ် လုပ်ကြံမှုမဟုတ်ဟု ရဲချုပ် ပြော
ရဲချုပ် ဇော်ဝင်း

နေပြည်တော်(မတ်လ ၂၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ ယမန်နေ့က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦး ဆိုင်ကယ်မောင်းနေစဉ် နဖူးတည့်တည့်၌ သေနတ်ကျည် ထိမှန်သေဆုံးသွားသည့်ဖြစ်စဉ်သည် လုပ်ကြံပစ်ခတ်မှုမဟုတ်ဟု ရဲချုပ် ဇော်ဝင်းက ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ ကြည့်တဲ့အနေအထားကတော့ အက်ဆီးဒင့်(မတော်တဆမှု)ပါ။ ကျည်ဆန်က တစ်နေရာရာကနေပြီးတော့ Twist ဖြစ်ပြီး မတော်တဆ လာမှန်တာ။ ဟိုလို ပစ်ခတ်လုပ်ကြံတာတော့ မဟုတ်ဘူး” ဟု ရဲချုပ် ဇော်ဝင်းက မတ်လ ၂၃ရက်တွင် ပြောသည်။

ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ ကိုရဲဝင်းသည် ကျန်စစ်သားလမ်း အရှေ့ဘက်မှ ဆိုင်ကယ်မောင်းနှင်လာရင်း ရ၁ လမ်းနှင့် ရ၂ လမ်းကြားရှိ ဓမ္မာရုံလမ်းဘေး ဓာတ်တိုင်အနီးတွင် ဆိုင်ကယ်ရောလူပါ လဲကျနေ၍ ဆိုင်ကယ်မတော်တဆမှုဖြစ်သည်ထင်ကာ ဆေးရုံသို့ပို့လိုက်ပြီးနောက် ဆေးရုံရောက်မှ သေနတ် ကျည်ဆန် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရှိကြခြင်းဖြစ်သည်။

“အဲ့နားမှာ ဘာပစ်ခတ်သံမှလည်း မကြားရဘူး။ သူ့ကိုလာပြီးတော့ သေနတ်နဲ့ပစ်တာ မဟုတ်ဘူး။ တစ်နေရာကနေ Twist ဖြစ်ပြီး လာထိတဲ့သဘောလို့ ထင်တယ်” ဟု ရဲချုပ်က ဆိုသည်။

ရဲတပ်ဖွဲ့အနေဖြင့် ဖြစ်စဉ် အတိအကျကို မသိရသေးဘဲ “ကျည်ဆန်ကတော့ ကျွမ်းကျင်သူတွေနဲ့ စစ်နေတုန်းပဲ။ ကျည်ဆန်ထိပ်ဖူး ဘယ်လိုယမ်းလည်း ဆိုတာကိုပေါ့” ဟု ရဲချုပ်က ပြောသည်။

သေဆုံးသူ ကိုရဲဝင်းသည် မြင်းခြံမြို့မှ မန္တလေးမြို့သို့ လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက မိသားစုလိုက် ပြောင်းရွှေ့လာခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှ ရန်ငြိုးမရှိဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောဆိုကြောင်း ယနေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြထားသည်။

အလားတူ ဖြစ်စဉ်မျိုး ရန်ကုန်တွင်လည်း တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်ဟုလည်း ရဲချုပ်က ဆိုသည်။

“ရန်ကုန်မှာလည်း တစ်ခါဖြစ်ဖူးပါတယ်။ တက္ကစီဒရိုင်ဘာတစ်ယောက် လက်ကို ကျည်ဆန်မှန်သွားတာ သိတောင် မသိဘူး။ ခွဲလိုက်တော့မှ အထဲမှာ ကျည်ဆန်ဖူးထွက်လာမှ သိတယ်။ အဲ့လိုမျိုး တစ်နေရာကနေ Twist နဲ့လာတာ” ဟု ၎င်းက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly