ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ၁၄၁ နှစ်ပြည့် မွေးနေ့အခမ်းအနားကျင်းပ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ၁၄၁ နှစ်ပြည့် မွေးနေ့အခမ်းအနားကျင်းပ

လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင်ကြီးဟု တင်စားခံရသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ၁၄၁ နှစ်မြောက် မွေးနေ့အခမ်းအနားကို ယနေ့နံနက်က ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်တွင် ကျင်းပခဲ့သည်။

 ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မွေးနေ့အခမ်းအနားကို အဆိုပါ ဂူဗိမာန်တွင် ၂၀၁၄ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

“ပြည်သူလူထုအတွက် ပြည်သူလူထုကိုယ်တိုင်ပါဝင်တဲ့၊ ပြည်သူလူထုအကျိုးရှိစေမယ့် ငြိမ်းချမ်းရေးမျိုးကို ဆရာကြီးက သူမနာ ကိုယ်မနာနည်းနဲ့ တရားမျှတစွာ၊ ဒီမိုကရေစီနည်းလမ်းကျစွာ တည်ဆောက်ကြပါလို့ ဆရာကြီးပြောကြားခဲ့တာတွေကို အမှတ်ရသောအားဖြင့် ဆရာကြီးရဲ့မွေးနေ့အခမ်းအနားကို ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိ်မ်းချမ်းရေးကွန်ယက် ပြန်ကြားရေးကော်မတီဝင် တစ်ဦးဖြစ်သည့် ကိုထွန်းဝင်းငြိမ်းက မဇ္စျိမကို ပြောသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ၁၄၁ နှစ်ပြည့် မွေးနေ့အခမ်းအနားတွင် ဆရာကြီး၏ အတ္ထုပ္ပတ္တိနှင့် ဆရာကြီးအတွက် အမှတ်တရစကားများကို တက်ရောက်လာကြသည့် စာရေးဆရာကြီး၊ ဆရာမကြီး များက ပြောခဲ့ကြသည်။

“ဆရာကြီးဟာ သူ့တစ်သက်တာကာလပတ်လုံး လွတ်လပ်ရေးအတွက် တိုက်ခဲ့တယ်။ ဖက်ဆစ်စနစ်အောက်က လွတ်မြောက်ရေးအတွက် တိုက်ခဲ့တယ်။ အဲဒီနောက် တိုင်းပြည်မှာ ပြည်တွင်းစစ် ဖြစ်ပွားပြီးတော့ ငြိမ်းချမ်းရေးမရှိတဲ့အတွက် ငြိမ်းချမ်းရေးရအောင် တောက်လျောက် တိုက်ပွဲဝင်ခဲ့ပါတယ်။ ပြည်သူနဲ့အတူ လက်တွဲပြီးတော့ နောက်ဆုံးဆရာကြီးဟာ ကွယ်လွန်ခါနီး နှစ်တွေကျတော့ မကြာခဏပြောဖြစ်တဲ့စကားက ဆရာမသေခင် တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအစစ်ကို မြင်တွေ့သွားလိုတယ်” ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နာယက ဦးအံ့မောင်မှ ပြောခဲ့သည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ပြည်တွင်းပြည်ပ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးစတာလင်ဆုကို ချီးမြှင့်ခံရသူ တစ်ယောက်လည်းဖြစ်သည်။

“အချိန်ကာလအားဖြင့် ဒီနေ့အချိန်ကာလဟာ ၂၁ရာစုပင်လုံငြိမ်းချမ်းရေးကို သွားနေတဲ့ ကာလပေါ့နော်။ ဆရာကြီးကလည်းပဲ သူ့ရဲ့သက်တမ်းတစ်လျောက်လုံးမှာ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအထိ မျက်မြင်တွေ့သွားချင်တဲ့ ငြိမ်းချမ်းရေးကို အထူးလိုလားတဲ့ ပုဂ္ဂိုလ်ကြီးလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပွဲလေးဟာ လုပ်သင့်လုပ်ထိုက်တဲ့ ပွဲလေးဖြစ်ပါတယ်။ ကျွန်မတို့ အခုလိုတက်ရောက်လာတဲ့ ပရိတ်သတ်တွေတင်မကဘဲနဲ့ တစ်နိုင်ငံလုံးရဲ့လူတွေရဲ့ရှေ့မှာတောင်မှ ဒီပွဲမျိုးကို လုပ်သင့်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အတွင်းရေးမှူး ဒေါ်အေးမြင့်သန်းက ပြောသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ခရစ်နှစ် ၁၈၇၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး မွေးနေ့အမှန်ဖြစ်သည့် မတ်လ ၂၆ ရက်နေ့တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအမှတ်တရ ကဗျာရွတ်ပွဲကို ရန်ကုန်မြို့ Myanmar Book Plaza တွင် နေ့လည် ၁ နာရီမှ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၉၆၄ ခုနှစ် ၊ ဇူလိုင်လ ၁၄ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏အသက်မှာ ၈၉ နှစ်ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly