ကမ္ဘောဒီးယားအစိုးရကို ဝေဖန်သူအား သတ်ပစ်သည့် တရားခံကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်

ကမ္ဘောဒီးယားအစိုးရကို ဝေဖန်သူအား သတ်ပစ်သည့် တရားခံကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်

 မတ် ၂၃ ။            ။ ကမ္ဘောဒီးယားအစိုးရကို ပြင်းထန်စွာဝေဖန်သူအား နေ့ခင်းကြောင်တောင်၌ ပေါ်ပေါ်ထင်ထင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကာ နိုင်ငံအတွင်းရှိ လူ့အခွင့်အရေးသမားများကို တုန်လှုပ်စေခဲ့သည့် စစ်သားဟောင်းတစ်ဦးကို ကမ္ဘောဒီးယားတရားရုံးမှ ယနေ့ကြာသာပတေးနေ့၌ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဝေဖန်သူ ကမ်လေဆိုသူသည် လွန်ခဲ့သော ဂျူလိုင်လက ဖနွမ်းပင်ရှိ ဓာတ်ဆီဆိုင်တစ်ခု၌ မနက်ပိုင်းကော်ဖီ သောက်သုံးနေစဉ်တွင် Oeuth Ang အမည်ရှိ အလုပ်လက်မဲ့ စစ်သားဟောင်းတစ်ဦးက ဦးခေါင်းသို့ သေနတ် ဖြင့် အသေပစ်သတ်ခဲ့သည်။

Oeuth Ang က သူသည် ကမ်လေကို ငွေကြေးအရှုပ်အရှင်း ကိစ္စတစ်ခုခုကြောင့် သတ်ပစ်ခဲ့ကြောင်း တရားရုံး၌ လျှောက်လဲခဲ့သော်လည်း ကမ်လေကို ထောက်ခံသူများက အဆိုပါလျှောက်လဲချက်အပေါ် သံသယဖြစ်ခဲ့ကြပြီး အစိုးရကိုဝေဖန်သည့် ပြိုင်ဘက်များ၊ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများသည် မကြာခဏ ဆိုသလို လုပ်ကြံခံနေရကြောင်း ယုံကြည်ကြသည်။

တရားသူကြီး လီအန်ဆမ်နက်သ်က အသက် ၄၄ နှစ်အရွယ်ရှိ Oeuth Ang အား ကြိုတင်ကြံစည်၍ ကျူးလွန် သော လူသတ်မှု၊ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်သည် ဟု စီရင်ချက်ချခဲ့သည်။

နာမည်ပြောင် Chuob Samlab ဟု ခေါ်သော လူသတ်သမား Oeuth Ang သည် စီရင်ချက်ချချိန်၌ တည်တည် ငြိမ်ငြိမ် နားထောင်ခဲ့ကြောင်း သိရသည်။ သူသည် ကမ်လေအား ဦးခေါင်းသို့ အပါအဝင် သေနတ်ဖြင့် နှစ်ချက် တိတိပစ်ခဲ့ကြောင်း ယခင်က တရားရုံး၌ ၀န်ခံခဲ့ပြီး ကမ္ဘောဒီးယား ပြည်သူများကို တုန်လှုပ်စေခဲ့သည့် လူသတ်မှု အတွက် သူနောင်တရကြောင်းကို ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly